ချင်းအမျိုးသားကောင်စီ (မင်းတပ်) ဖွဲ့စည်းမှုနဲ့ ပတ်သတ်ပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်နှင့် အမေးအဖြေ။
စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာချိန်မှာ စစ်အာဏာရှင်ကို ခုခံတော်လှန်မှုအားကောင်းသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ဒေသတွင်း အမြင့်ဆုံးအာဏာကျင့်သုံးမည့် နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ် ချင်းအမျိုးသား ကောင်စီ(မင်းတပ်)ကို ဩဂုတ်လ ၆ ရက်က စတင်ဖွဲ့စည်းလိုက်သည်။
ချင်းအမျိုးသား ကောင်စီ(မင်းတပ်)ကို ဘယ်လိုရည်ရွည်ချက်နှင့် ဖွဲ့စည်းရတာပါလဲ။ ရှေ့ဆက်ဆောင်ရွက် သွားမယ့် လုပ်ငန်းအခြေအနေတွေနဲ့ ပတ်သတ်ပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို စတင်ဖွဲ့စည်းကြောင်း ဩဂုတ်လ ၆ ရက်က ထုတ်ပြန်ထားတာ တွေ့ပါတယ်။ ချင်းအမျိုးသားကောင်စီ-မင်းတပ်က ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့စည်းထားပါလဲ။
ဖြေ။ ။ ကျနော်တို့အနေနဲ့ Federal Chapter တွေ ရေးဖို့ ရှိမယ်။ ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့စည်းထားတယ်၊ ဘယ်လိုတွေ တာဝန်ပေးတယ်ဆိုတာတွေကို နောက်ထပ်စာထွက်လာဖို့ ရှိပါတယ်။ အခုက အကြမ်းဖျင်း ပြောပြတာပါ။
မေး။ ။ ဒီအဖွဲ့အစည်းက မင်းတပ်မြို့နယ်အတွင်းမှာပဲ လွှမ်းခြုံဆောင်ရွက်မှာလား၊ ဘယ်လောက်အထိ လွှမ်းခြုံမှု ရှိမှာပါလဲ။
ဖြေ။ ။ မင်းတပ်မြို့နယ် ဒေသအတွင်းပေါ့နော်။ မင်းတပ်မြို့နယ်အတွင်းပဲ လွှမ်းခြုံတာ ဖြစ်ပါတယ်။
မေး။ ။ ဒီကောင်စီက ဘာတွေ လုပ်ဆောင်သွားမှာပါလဲ၊ သူ့ရဲ့တာဝန်တွေက ဘာတွေပါလဲခင်ဗျာ။
ဖြေ။ ။ ကျနော်တို့ မြေပြင်မှာ အုပ်ချုပ်ရေးကောင်းကောင်း လည်ပတ်တယ်။ အုပ်ချုပ်ရေးဆိုတာ ပညာရေး၊ ကျန်းမာရေးပါတယ်၊၊ ရပ်ရွာ၊ တိုက်နယ်၊ အုပ်စုအုပ်ချုပ်ရေး၊ လူသားချင်းစာနာထောက်ထားရေး၊ တရားရေး ၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ CDM ထောက်ပံ့ရေး၊ ပြည်သူ့ရင်ခွင် စတဲ့ ဌာနတွေ ကောင်းကောင်း လည်ပတ်တဲ့ အုပ်ချုပ်ရေးတွေရှိတယ်။
CDF-မင်းတပ်၊ ကာကွယ်ရေးလည်း ရှိတယ်။ ဒါပေမဲ့ နိုင်ငံရေးမပါတဲ့ တော်လှန်ရေးက အဆင်မပြေဘူးလေ။ အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီကို ဘယ်လိုသွားကြမယ်။ NUG နဲ့ ဘယ်လိုစကားပြောမယ်။ ပြည်နယ်အစိုးရ ပေါ်လာခဲ့ရင် ပြည်နယ်အစိုးရနဲ့ ဘယ်လိုချိတ်ဆက်မယ်ဆိုတာကို ကာကွယ်ရေးကလည်း သူ့ဟာသူ သွားလို့ မရဘူး။ ပအဖကလည်း သူ့ဟာသူ သွားလို့မရဘူး။ ကာကွယ်ရေးနဲ့ ပအဖနဲ့လည်း လက်ဝါးချင်းရိုက်ပြီး လုပ်လို့မရဘူး။
ဒီတော့ ချင်းအမျိုးသားကောင်စီဆိုတာ CDM အစုအဖွဲ့ရော၊ ကာကွယ်ရေးရော၊ ပအဖရော၊ ပြည်ပက တတ်သိပညာရှင်တွေ၊ တော်လှန်ရေးကိုကူညီနေတဲ့ ပြည်ပက အဖွဲ့အစည်းအသီးသီး၊ ပြည်တွင်းပြည်ပ အကုန်လုံးစုပေါင်းထားတဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်တယ်။ နိုင်ငံရေးလမ်းစဉ်တွေ ချမှတ်ဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ အရေးတွေပေါ့နော်။ အဲလိုမျိုးတွေကို ဦးဆောင်ဖို့ပေါ့လေ။ အဲဒါတွေအတွက် မူဝါဒလုပ်ငန်းစဉ်တွေ ချမှတ်အကောင်အထည်ဖော်မဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ပါ။
မေး။ ။ အခုလက်ရှိ မင်းတပ်ကောင်စီကို စတင်ဖွဲ့စည်းဆောင်ရွက်တာမှာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေ ရှိပါသလဲခင်ဗျာ။
ဖြေ။ ။ ဒီဟာဖွဲ့စည်းဖို့ ၂၀၂၁ နှစ်ကုန်ကတည်းက အဲတုန်းက ပအဖမှာ ဒီပညာရေး၊ ကျန်းမာရေး၊ CDM ဌာနတော့ ရှိပြီးပေါ့နော်။ အဲတုန်းက CDF မင်းတပ်က ကာကွယ်ရေးဌာန ဖြစ်တယ်။ အဲဒီကနေ နိုင်ငံရေး အရွေ့အပြောင်းတွေ ဖြစ်လာတော့ ကာကွယ်ရေးသည် သူ့ဟာနဲ့သူ ဘဏ္ဍာငွေရှာဖွေတယ်။ သူ့ဟာနဲ့သူ ရပ်တည် လာတယ်ဆိုတော့ ကာကွယ်ရေးသည် ရှေ့တန်းက၊ ပအဖသည် နောက်တန်းကတော်လှန်ရေးကို အဲလို အရှေ့နဲ့ အနောက်က သွားလာကြတဲ့ပုံစံ ဖြစ်လာတယ်။ အဲဒီ ၂၀၂၁ နှစ်ကုန်မှာကတည်းက Political Wing ဆိုပြီး ကျနော်တို့ ကြိုးစားတယ်၊ မအောင်မြင်ဘူး။
ကာကွယ်ရေးကလည်းပဲ တပ်ရင်း၊တပ်ဖွဲ့နဲ့ သင်တန်းနဲ့ကျင့်ဝတ်နဲ့ စနစ်ကျဖို့၊ အသားကျဖို့ ကြိုးစားလာတယ်။ ဒီဘက်မှာလည်း ပအဖကို တမြို့နယ်လုံး လွှမ်းခြုံပြီးတော့မှ အုပ်ချုပ်ရေး လုပ်ငန်းတွေ အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားတယ်။ အဲဒီလိုမျိုးတွေနဲ့ ကာကွယ်ရေးကလည်း ကာကွယ်ရေးဥပဒေနဲ့ တစ်ဆင့်ချင်းပေါ့နော်၊ နိုင်ငံရေး ဦးဆောင်အဖွဲ့အောက်မှာရှိဖို့၊ နောက်ပြီးတော့ ကာကွယ်ရေးသည် အရပ်သားဦးဆောင်မှု၊ ဒီနိုင်ငံရေး ဦးဆောင်မှုဆိုတာလည်း Collective Leadership ပဲလေ၊၊ ပြည်တွင်းပြည်ပနဲ့ မြေပြင်ကရော အကုန်လုံးဝိုင်းပါတဲ့ Collective Leadership လည်းဖြစ်တယ်။
အရပ်သား ဦးဆောင်မှုအောက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့၊ ကျနော်တို့ ဒီအချိန်မှာ ကြားနေရတဲ့ ပအဖ၊ ပလဖတွေ၊ PDF တွေ၊ သူတစ်လူငါတစ်မင်း ဖြစ်နေတာ၊ Chain of Command မမိတာ၊ သူ့နယ်ငါ့နယ် ခွဲနေတာ တဖြည်းဖြည်းနဲ့ စစ်ဘုရင်ပုံစံ၊ ဘယ်သူကိုမှ အမိန့်မနာခံတဲ့ လုပ်ချင်ရာလုပ်မဲ့ ပုံစံလေးတွေ မဖြစ်လာအောင် ပေါ့နော်။ ကာကွယ်ရေးဘက်က ခေါင်းဆောင်တွေ၊ ဗဟိုကော်မတီဝင်တွေ ကိုယ်တိုင်၊ တပ်ရင်းမှူးတွေ ကိုယ်တိုင် အားလုံးကလိုလိုလားလားနဲ့ စုပေါင်းထားတဲ့ ကာကွယ်ရေးကို နိုင်ငံရေးအားဖြင့်ရော၊ အုပ်ချုပ်ရေးအားဖြင့်ရော ထိန်းကျောင်းမှုပေးဖို့၊ ဘဏ္ဍာရေးအားဖြင့်ရော ထိန်းကျောင်းပေးမဲ့ အဖွဲ့အစည်းဖြစ်ဖို့ ၊ ဒီ၂၀၂၁ ကနေ စပြီးတော့ ၂၀၂၂ နဲ့ ၂၀၂၃ အထိပေါ့နော်။
ပအဖဘက်ကလည်း မြို့နယ်လုံးဆိုင်ရာ အုပ်စုအုပ်ချုပ်ရေးမှူး၊ တိုက်အုပ်တွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေ၊ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ဝင်တွေ အကုန်လုံး၊ အုပ်ချုပ်ရေးညီလာခံ နှစ်ကြိမ်/ သုံးကြိမ်လောက်လုပ်ပြီးမှ အဆင့်ဆင့် အကြံဉာဏ် တောင်းခံလွှာတွေနဲ့ ပြည်ပကိုသော်လည်းကောင်း၊ ပြည်တွင်းကိုသော်လည်းကောင်း၊ မင်းတပ်မြို့နယ် အဖွဲ့အစည်းတွေကို အကြံဉာဏ်တောင်းခံလွှာနဲ့ တဖြည်းဖြည်း အချိန်ယူတယ်။ အများကြီး ဆွေးနွေးငြင်းခုံကြရင်နဲ့ အခုမှ ပေါ်ပေါက်လာတာပေါ့နော်။ အခက်အခဲတွေက ပေါင်းစုံပါပဲ၊ အမျိုးမျိုး ဖြတ်သန်းရတာပေါ့။ ၂ နှစ် နီးပါးအကြာမှာ ပေါ်ပေါက်လာတဲ့အဖွဲ့ပေါ့။

ပုံစာ – ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို ဩဂုတ်လ ၆ ရက်က စတင်ဖွဲ့စည်းလိုက်သည်။
မေး။ ။ နောက်တစ်ခုက ချင်းပြည်နယ်မှာ Chinland ကောင်စီ ပေါ်ပေါက်လာဖို့လည်း ကြိုးစားကြတယ်လို့ သိရတယ်ဆိုတော့ ပေါ်ပေါက်လာမယ့် Chinland ကောင်စီနဲ့ရော ဘယ်လိုမျိုး ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်သွားမှာပါလဲ။
ဖြေ။ ။ ချင်းပြည်နယ်မှာ ICNCC ရှိတယ်။ ဒါက ချင်းပြည်နယ်အစိုးရ ပေါ်ပေါက်ရေးအဖွဲ့ပေါ့နော်။ ဒါက ၂၀၂၁ ဖေဖော်ဝါရီ၊ မတ်လလောက်ကတည်းက ပေါ်လာတာလေ၊ ခုချိန်ထိ မြေပြင်မှာရော ဘာမှလုပ်ငန်း အကောင်အထည်ဖော် မဆောင်ရွက်နိုင်တဲ့ အခြေအနေ ရှိတယ်။ ဒီကြားထဲမှာ CJDC ဘက်ကနဲ့ ချင်းပြည် Chapter ရေးတယ်။ CNA/ CNF ဘက်က Chapter ရေးတယ်။ Chinland Government လုပ်ဖို့ ကြိုးစားတယ်။ ချင်းပြည်ကောင်စီဆိုရင် ကျနော်တို့က မြေပြင်မှာလည်း အများကြီးဆွေးနွေးကြတာ ရှိတယ်။
ဘယ်လိုတွေ ပါဝင်မှာလဲ၊ ဘယ်လို ဖွဲ့မှာလဲ၊ ဘယ်သူတွေ ဦးဆောင်မှာလဲ၊၊ NUG နဲ့ ဘယ်လို ချိတ်ဆက်ကြမှာလဲ ဆိုတဲ့ပုံစံပါ၊၊ တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် အပေါ်မှာ ကောင်းကောင်းမွန်မွန် စဖွဲ့စည်းပြီးတော့မှ မြေပြင်အထိ ဖွဲ့စည်းဖို့က ဒီတော်လှန်ရေးကာလမှာ အဆင်မပြေလို့ ကျနော်တို့က မြေပြင်က တကယ့် Township Level Unit ကနေ ကျစ်ကျစ်လစ်လစ် စုစည်းပေါင်းစည်းဖို့လည်း ကျနော်တို့က လမ်းခင်းတဲ့ သဘောပေါ့နော်။ အဲလိုမျိုးလည်း ပါပါတယ်။
မေး။ ။ ဘာကြောင့် ဒီလိုဖွဲ့စည်းဖြစ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပေးပါခင်ဗျာ။
ဖြေ။ ။ အဓိကက ကျနော်တို့အနေနဲ့ အများကြီး ရှည်ရှည်ဝေးဝေးတွေးပြီး အတွေးများဖို့တော့ မဟုတ်ဘူးပေါ့နော်။ ဒီတော်လှန်ရေးကို ဦးဆောင်ဖို့ နိုင်ငံရေးဘက်ကသော်လည်းကောင်း၊ အာဏာရှင် အမြစ်ဖြတ်ရေး၊ တော်လှန်ရေး အောင်မြင်ရေးကို နံပါတ် (၁) ဦးဆောင်မှုပေးရမယ်။ အဲဒီကနေ တဆင့် အသွင်ကူးပြောင်းရေး ကာလတွေမှာ ဖက်ဒရယ်ဒီမိုကရေစီ လူ့အခွင့်အရေးကို အပြည့်အဝပေးဖို့အတွက် လူ့အခွင့်အရေး သော်လည်းကောင်း၊ ကိုယ့်ကံကြမ္မာကို ပြဌာန်းခွင့်ဖက်ဒရယ် ဒီမိုကရေစီအရေးကို အာမခံချက် ပေးမယ့် နိုင်ငံရေး အခင်းအကျင်းပုံစံကို ဒုတိယအဆင့်သွားမယ်။ အဲဒီကမှ ပြန်လည်ထူထောင်ရေးတွေ သွားမှာပေါ့နော်။ အဝေးကြီးတော့ ကျနော်တို့ မစဉ်းစားသေးဘူး။
ဒီကြားထဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေသည် အရပ်သားတွေရဲ့ စုပေါင်းခေါင်းဆောင်မှုအောက်မှာ ရှိတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ တော်လှန်ရေး အောင်မြင်အောင်လုပ်ဖို့ကို အရင်အာရုံစိုက်ကြမယ်။ အမြဲတမ်း အဆင့်တိုင်း၊ အဆင့်တိုင်းမှာ စုပေါင်း ခေါင်းဆောင်မှု ရှိတယ်။ အမြဲတမ်းဆွေးနွေး တိုင်ပင်ကြမယ်။ လျော့သင့်တာလျော့၊ တင်းသင့်တာတင်း၊ ပြည်သူလူထုရဲ့ တောင်းဆိုမှု၊ မြေပြင်လိုအပ်ချက်အရ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပေါ့နော်။ အထိုက်အလျောက် ပုံမှန်လုပ်သွားပြီးမှ ရှေ့ဆက်သွားဖို့ ဖြစ်မှာပေါ့။ အဲလိုမျိုးအတွက် ရည်ရွယ်ထားတဲ့အဖွဲ့ ဖြစ်တယ်။ ဒီကာလမှာ တစ်ခုခုဖွဲ့လိုက်တယ်ဆိုရင် သို့လော၊ သို့လော၊ ဒီအဖွဲ့ဖွဲ့လိုက်ရင် ပအဖက ရှိဦးမှာလား၊ CDF မင်းတပ်ကော ရှိဦးမှာလားပေါ့လေ။
ရှင်းရှင်းပြောရရင် ဒီတော်လှန်ရေးကာလကိုက Uncertain Time လေ၊၊ နောက်လကြရင် ဘာဖြစ်လာမလဲ၊၊ နောက် ၃ လ၊ ၆ လကြာရင် နိုင်ငံရေးအခင်းအကျင်း ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသိကြဘူးလေ။ လူတွေက စိုးရိမ်စိတ် များတာရော၊ သံသယစိတ် များတာရော၊ ကြောက်ရွံ့စိတ်တွေ များတာရော၊ တစ်ခုခုဆိုရင် ဒီတော်လှန်ရေးကာလမှာ Stress တွေများတယ် ပြောရမှာပေါ့။ အကြောက်အကန် ငြင်းတာ၊ စိုးရိမ်ကြီးတာ အဲလိုမျိုးတွေဖြစ်တယ်။ လိုအပ်ချက်အရ ကျနော်တို့ ဖွဲ့စည်းကြတယ်။ အမြဲတမ်း ပြည်သူလုထုရဲ့အသံကို မြေပြင်မှာရှိတဲ့ လူတွေနဲ့ အများနဲ့ တိုင်ပင်တယ်။ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်။ အလျော့အတင်း တွေ လုပ်မယ်။ အခြေအနေပေါ် မူတည်ပြီးမှ တိုင်တိုင်ပင်ပင်နဲ့ အလုပ်လုပ်သွားဖို့၊ နိုင်ငံရေးလမ်းစဉ် ချမှတ်ဖို့၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေး အကုန်လုံးကို ဦးဆောင်မှုပေးမယ့်အဖွဲ့ ဖြစ်မှာပါ။
မေး။ ။ ဒီလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
KMG ပေးပို့သည်။