“ကိုယ့်ရပ်ရွာမှာပဲ နေချင်ပါတယ်။ ဘေးမရှိရန်မခ ဆိုရင် နေချင်ပါတယ်။ အိမ်မရှိပေမဲ့ တဲပဲ ဆောက်နေရ၊ တာပေါ်လင်စနဲ့ ဆောက်ပြီး နေရနေရပေါ့။ ဒီလိုမျိုး မပြေးချင်ဘူး။ ဒီလို ဘယ်တော့မှ မပြေးချင်တော့ပါဘူး” ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ကျေးရွာသူအသက်နှစ်ဆယ်အရွယ်အမျိုးသမီးငယ်

By MPM 9 ဒီဇင်ဘာ, 2023 👁

စစ်ကောင်စီတပ်ရဲ့မီးရှို့ခံခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာက အသက်နှစ်ဆယ်အရွယ် အမျိုးသမီးငယ်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ အင်အား ၁၀၀ နီးပါးရှိတဲ့ မြန်မာစစ်ကောင်စီတပ်ရဲ့ တပ်ရင်း ၂၇၀ က ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို သေနတ်ပစ်ခတ်ဝင်ရောက်လာပြီး ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒီလို စစ်ကောင်စီတပ်က အကြောင်းမဲ့မီရှို့ဖျက်ဆီးခဲ့တဲ့အတွက် စစ်တွေမြို့ရွှေမင်းဂံဆိပ်ကမ်း တဖက်ကမ်းမှာ တည်ရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာမှာ အိမ်ခြေ ၁၃၀ လောက် မီးလောင်ပြီး ပြာပုံအတိ ဖြစ်သွားခဲ့ရပါတယ်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေစဉ်မှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရဲရိုးပြင်ကျေးရွာမှ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦးကို သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

မေး။ ။ ရွာမီးရှို့ခံရချိန်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့တာဆိုတော့ အဲဒီနေ့က ဘယ်လိုမျိုး မြင်တွေ့ ကြုံခဲ့ရပါလဲ။

ဖြေ။ ။ အဲဒီနေ့ မထွက်ပြေးခင် စစ်သားတွေ မင်းဂံရောက်နေကြပြီလို့ ကြားပါတယ်။ ကျွန်မတို့က ထမင်းစားပြီးတော့မှ ထွက်ပြေးမယ်ဆိုပြီးတော့ ထမင်းစားနေကြပါတယ်။ ထမင်းစားနေတုန်းမှာ ဒရုန်းက ရွာနားမှာ ဝဲလာပါတယ်။ အဲဒီချိန်မှာ ကျွန်မက ထမင်းစားလို့ပြီးပြီ။ အမေက စားလို့မပြီးသေးဘူး။ ကြောက်လို့ အိမ်ထဲမှာ ဝင်ပုန်းနေကြပါတယ်။ ဒရုန်းက ရွာထဲကို လှမ်းပစ်ပါတယ်။ ခဏပစ်သံ ရပ်သွားတော့ အဒေါ်အိမ်ကို ပြေးကြပါတယ်။ အဒေါ်အိမ်က အုတ်နဲ့ဆောက်တဲ့ အိမ်ဆိုတော့ အဲဒီမှာပဲ မိသားစုနှစ်ခု ပုန်းနေကြပါတယ်။ ပုန်းနေလို့ မလုံခြုံမှန်းလည်း သိတယ်။ တချို့ယောကျ်ားတွေက ထွက်ပြေးကြတော့ ဒရုန်းလှမ်းပစ်ပါတယ်။ ဦးလေးတစ်ယောက်က ဖုန်းဆက်တယ်။ စစ်သားတွေ တက်လာပြီ။ စစ်သားတွေ တက်လာပြီ။ အရှေ့ဘက်ရွာကို မီးလောင်နေပြီ။ နင်တို့တွေ အမြန်လွတ်အောင် ထွက်ပြေးလာကြတော့ဆိုပြီး ဖုန်းဆက်ပါတယ်။

ဒါပေမဲ့ ဒရုန်းတွေ ဝဲနေတော့ မထွက်ပြေးရဲဘူးလေ။ ထွက်ပြေးဖို့လုပ်တော့ ရွာအရှေ့ဘက် မီးခိုးတွေ အလုံးလုံး တက်လာတယ်။ အဒေါ်ရယ် မီးရှို့နေပြီ၊ ဘယ်လိုလုပ်ကြမှာလဲ၊ ဘယ်လိုလုပ်ကြမှာလဲ၊ နေလို့မရတော့ ထွက်ပြေးကြတယ်။ ကျွန်မတို့ရွာအနားက ရွာတစ်ရွာကိုရောက်တာနဲ့ ကျွန်မတို့ရွာကို မီးခိုးတွေထွက်ပြီး မီးလောင်နေပြီ။ ထွက်ပြေးရတာက လယ်ကွင်းတွေ ပုစွန်ကန်တွေကို ဖြတ်ပြီး ပြေးရတာ။ အဲကန်မှာ အဒေါ်တစ်ယောက် ရေနစ်သေးတယ်။ ကြောက်ကြောက်နဲ့ကူးတာ ကံကောင်းလို့ မသေတာပါ။ ကျွန်မတို့ အနီးရွာတွေကလည်း အားကုန်လုံးနီးပါး ထွက်ပြေးကြပါတယ်။ ကျွန်မတို့လည်း တစ်ရွာပြီးတစ်ရွာ ဆက်ပြေးနေခဲ့ကြတာပေါ့။

မေး။ ။ ရွာကနေ ထွက်ပြေးလာရတဲ့အချိန်မှာ နောက်ဆုံးရွာကို ဘယ်လိုအခြေအနေမျိုးနဲ့ မြင်ခဲ့ရပါလဲ။

ဖြေ။ ။ ရွာအရှေ့ဘက် မီးအားလုံးကျွမ်းသွားပြီ။ ကျွန်မတို့ အနောက်ဘက် ဆက်လို့ မီးလောင်နေတာကို မြင်ရပါတယ်။ အခုဆိုရင် ရွာမှာ အိမ်နှစ်ဆယ်လောက်ပဲ ကျန်ခဲ့တယ်လို့ သိရပါတယ်။ ကျန်ခဲ့တဲ့ အိမ်တွေမှာလည်း နေလို့မရဘူး။ ကြောက်လို့တော့ သွားမကြည့်ဖြစ်ဘူး။

မေး။ ။ ရွာကနေ အသက်လုပြီးတော့ ထွက်ပြေးလာရတယ်၊ ပြီးတော့ ရွာလည်း မီးရှို့ခံလိုက်ရတဲ့ဆိုတော့ ဘယ်လိုမျိုးခံစားရလဲ။

ဖြေ။ ။ ကျွန်မတို့ ကိုယ်ရွာ မီးရှို့ခံရလို့ အရမ်းကို ဝမ်းနည်းမိပါတယ်။ အရမ်းကို ကြောက်လည်း ကြောက်မိပါတယ်။ အရင်က သာသာယာယာနဲ့ နေခဲ့တဲ့ ရွာလည်း မီးရှို့ခံရတော့ အရမ်းကို ခံစားရပါတယ်။

မေး။ ။ ထွက်ပြေးတိမ်းရှောင်နေရတော့ စားဝတ်နေရေးက ဘယ်လိုအခြေအနေရှိပါလဲ။ အခုကရော ကိုယ့်ကို လုံခြုံတယ်လို့ ခံစားရပါလား။

ဖြေ။ ။ မီးရှို့မခံခင် နှစ်ရက်ဆက်တိုက် လက်နက်ကြီးတွေ ပစ်တယ်။ လက်နက်ငယ်တွေ ပစ်တယ်။ တညဉ့်လုံး အိပ်လို့မရခဲ့ဘူး။ ဗုံးခိုကျင်းထဲမှာ နေခဲ့ရပါတယ်။ အခုလည်း ထွက်ပြေး တိမ်းရှောင်နေရတော့ လုံခြုံတယ်လို့ မခံစားရဘူး။ အဲဒီလို သေနတ်သံတွေ၊ ဒရုန်းတွေကြားက ပြေးလာရတယ်။ ပြီးတော့ နေ့စဉ်နေ့တိုင်းပဲ ပစ်နေတယ်။ သေနတ်ပစ်ခတ်တယ်ဆိုတော့ ကြောက်တာတယ်။ ပိုပြီးတော့ မလုံခြုံဘူး။

မေး။ ။ ကိုယ့်ရွာ မီးရှို့ခံရတဲ့အပေါ်မှာရော ဘယ်လိုမျိုးပြောချင်လဲ။

ဖြေ။ ။ မထင်ဘူးပေါ့နော်။ ကျွန်မတို့ရွာက အေးအေးချမ်းချမ်းနဲ့ နေနေတာပါ။ ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ဘူး။ မီးရှို့ခံမယ်လို့ လုံးဝ လုံးဝ မထင်ထားခဲ့ဘူး။ အိမ်မီးလောင်သွားလို့ ဘာမှ မရလိုက်ဘူး။ အခုက လက်နဲ့ဖဝါးပါပဲ။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးလာကြတာ။ ဘာမှ မယူခဲ့ရဘူး။ အခုက စားစရာလည်း မရှိဘူး။ ပိုက်ဆံလည်း မရှိဘူး။ စပါးတွေလည်း မရတော့ဘူး။ ကိုယ်အသက်ကိုတောင် လွတ်အောင် ရှောင်ပြီးပြေးနေရတဲ့အချိန်မှာ ဘာတွေယူလို့ရခဲ့မှာလဲ။ ဒီလိုပဲ ဆက်ပြေးနေရမှာလားဆိုတာကို စဉ်းစားလို့မရ ဖြစ်နေပါတယ်။

မေး။ ။ တကယ်လို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လို့ရရင်ရော ပြန်ချင်ပါလား။

ဖြေ။ ။ ကိုယ့်ရပ်ရွာမှာပဲ နေချင်ပါတယ်။ ဘေးမရှိရန်မခ ဆိုရင် နေချင်ပါတယ်။ အိမ်မရှိပေမဲ့ တဲပဲ ဆောက်နေရ၊ တာပေါ်လင်စနဲ့ ဆောက်ပြီး နေရနေရပေါ့။ ဒီလိုမျိုး မပြေးချင်ဘူး။ ဒီလို ဘယ်တော့မှ မပြေးချင်တော့ပါဘူး။ ကိုယ်ရွာမှာ အေးအေးချမ်းချမ်းနဲ့ နေချင်ပါတယ်။

နိရဉ္စရာ ပေးပို့သည်။