26 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကလေးငယ်တွေပါတယ်။ မသန်စွမ်းတွေပါတယ်။…..အသက်ကြီးသူတွေလည်း တိမ်းရှောင်နေရတယ်။ ကိုယ်ဝန်ဆောင်တွေဆိုလည်း ဆေးဝါးကုသမှုတွေလည်း မရရှိဘူး။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့အခါမှာ ဆေးရုံ၊ဆေးခန်းတွေကို လိုက်ဖျက်ဆီး နေတာ။...

“ကလေးငယ်တွေပါတယ်။ မသန်စွမ်းတွေပါတယ်။…..အသက်ကြီးသူတွေလည်း တိမ်းရှောင်နေရတယ်။ ကိုယ်ဝန်ဆောင်တွေဆိုလည်း ဆေးဝါးကုသမှုတွေလည်း မရရှိဘူး။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့အခါမှာ ဆေးရုံ၊ဆေးခန်းတွေကို လိုက်ဖျက်ဆီး နေတာ။ အပြစ်မဲ့ပြည်သူတွေကို လိုက်ပစ်ခတ်နေတာ လုံးဝလူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။ စားနပ်ရိက္ခာလည်း လုံလုံလောက်လောက်လည်း မရရှိနေဘူး” နော်ချယ်ရီ / KPSN ပြောရေးဆိုခွင့်ရှိသူ

ထိုင်း-မြန်မာနယ်စပ်က သိန်းချီရှိသည့် ကရင်စစ်ဘေးရှောင်များ စားနပ်ရိက္ခာလျှော့ချခံရတာကြောင့် ကြုံနေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ပြောရေးဆိုခွင့်ရှိသူ နော်ချယ်ရီနှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN အပါအဝင် ကရင်အရပ်ဖက်အဖွဲ့ ၂၀ က ထိုင်း-မြန်မာ နယ်စပ်တွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်အရေအတွက်သည် တစ်သိန်းရှစ်ထောင်အထိရှိလာပြီး အစားအစာ ထောက်ပံ့မှု ဖြတ်တောက်ခံထားရတာကြောင့် လူသားချင်းစာနာမှုအကျပ်အတည်းနှင့် ရင်ဆိုင်နေကြောင်း မေလ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုထားသည်။

လက်ရှိတွင် ထိုင်း – မြန်မာနယ်စပ်က သိန်းချီသည့်စစ်ဘေးရှောင်များ ဘယ်လိုအခက်အခဲနှင့် ရင်ဆိုင်နေရပါလဲ။ ယခုလိုမျိုး စစ်ဘေးရှောင်အရေအတွက် တိုးများလာရသည့်အကြောင်းအရင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေသည့် စစ်ကောင်စီ၏လုပ်ရပ်တို့အပေါ် တုံ့ပြန်ချက်များနှင့်ပတ်သက်ပြီး ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ပြောရေးဆိုခွင့်ရှိသူ နော်ချယ်ရီကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပထမဦးဆုံးအနေနဲ့ မေလ ၇ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ KPSN အပါအဝင် ကရင်အရပ်ဖက်အဖွဲ့ ၂၀ ရဲ့ ထုတ်ပြန်ချက်မှာပါတဲ့ အဓိကအချက်တွေကို ရှင်းပြပေးပါဦး။

ဖြေ။ ။ KPSN နဲ့ အခြားသော ကရင်အရပ်ဖက်အဖွဲ့အစည်း၂၀ စုပေါင်းပြီး ဒုက္ခသည်အရေးနဲ့ပက်သက်ပြီး စားနပ်ရိက္ခာတွေလျှော့ချတဲ့အတွက် အကူအညီတွေလိုအပ်ကြောင်း ကြေညာချက်တစ်ခု ထုတ်ပြန်ထားခဲ့တယ်။ ထိုင်း-မြန်မာနယ်စပ်ဆိုရင် ကရင်နီဒုက္ခသည်လည်း ပါတာပေါ့။ ဒါပေမယ့် ကျွန်မတို့က ကရင်ဒုက္ခသည်စခန်းတွေ ကိုအဓိကထားပြီး ဒုက္ခသည်ပေါင်းတစ်သိန်းရှစ်ထောင်ကို သူတို့စခန်းထဲနေရတာ ရိက္ခာပြတ်လပ်မှု ဖြစ်ပေါ်လာမှာကို စိုးရိမ်တကြီးတင်ပြလာတဲ့အပေါ် နိုင်ငံတကာက ကရင်လူထုအဖွဲ့တွေနဲ့ပေါင်းပြီး ဒီကြေညာချက်ကို ထုတ်ပြန်တာပါ။ အရင်က မိသားစုတစ်ခုက ဆန်အနည်းဆုံးတစ်ပုံး သို့ နှစ်ပုံးရကြတယ်။ ပဲ၊ ဆန်၊ ဆီ၊ ဆား ပြည့်ဝစွာ ရကြတယ်။ ၅၃ ဘတ်လောက်ပဲ ရတော့တယ်။ ဆန်တစ်ပုံးတောင် မရတော့တဲ့အနေအထားပေါ့။

မိသားစုတစ်စုအတွက် အင်မတန်ခက်ခဲနေတဲ့ အခြေအနေကြုံတွေ့နေရတယ်။ ဝင်ငွေကလည်းမရှိ လစဉ် ဘာနဲ့သုံးကြမလဲ။ အပြင်ထွက်ဖို့ရာလည်း ခက်နေတယ်။ ဝင်ငွေကလည်းမရှိဆိုတော့ ဘယ်ပိုက်ဆံနဲ့ သူတို့သုံးစွဲ ကြမလဲပေါ့။ မေးခွန်းထုတ်ရမယ်။ ဒီလိုစားနပ်ရိက္ခာတွေ လျှော့ချလိုက်လို့ သူတို့နေရပ်ကို ပြန်ချင်ပေမယ့် ပြန်လို့ မရတဲ့အခြေအနေမှာ စကစတွေဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတယ်။ တချို့ခရိုင်တွေဆို တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာ။ ဘယ်လိုမှ ပြန်လို့မရဘူး။ အိုးအိမ်တွေလည်း မရှိတော့ဘူး။ ဆေးရုံ၊ ဆေးခန်း၊ ကျောင်းတွေကိုအစ ပစ်ခတ်နေလို့ ပြန်ချင်ပေမယ့် ပြန်လို့မရဘူးဆိုတာ ကြေညာချက်မှာ ဖော်ပြထားတယ်။

မေး။ ။ လက်ရှိ KNU ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ခရိုင် ၇ ခုထဲမှာ စစ်ဘေးရှောင် ၁ သန်း ကျော်လာပြီလို့ CIDKP (ကရင့်ပြည်တွင်းနေရပ်စွန့်ခွာသူများရေးရာကော်မတီ) က ဖော်ပြထားပါတယ်။ စစ်ရှောင် တွေ နေရပ်စွန့်ခွာလာမှုများပြားလာတဲ့ အဓိက အကြောင်းရင်းကဘာများဖြစ်နိုင်မလဲ။ အဲဒီစစ်ရှောင်တွေကရော ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရပါလဲ။

ဖြေ။ ။ ဒီ KNU ထိန်းချုပ်နယ်မြေ ခရိုင်၇ ခုမှာဆိုရင် စစ်ရှောင်အားလုံးပေါင်း တစ်သန်းကျော်နေပြီပေါ့လေ။ အထူးသဖြင့် ညောင်လေးပင်ခရိုင်နဲ့ ဒူးပလာယာခရိုင်၊ ညောင်လေးပင်ခရိုင်ဆို လူနေထူထပ်တဲ့ခရိုင်ဖြစ်တယ်။ ဒူးပလာယာမှာဆိုရင် ဧပြီ ၁၄၊ ၁၅၊ ၁၆ ရက်တောက်လျှောက် ဒေါနတောင်တန်း၊ ကျိုက်ထိုကနေ အာရှလမ်းမ တလျှောက် တိုက်ပွဲတွေက အပြင်းအထန်ဖြစ်ပွားတဲ့နေရာတွေ ဖြစ်တယ်။

စစ်ရှောင်တွေ ထပ်တိုးလာတာက တချို့နေရာတွေဆို တိုက်ပွဲတွေမရှိဘဲ ဗမာစစ်တပ်တွေက အကြောင်းမဲ့ သက်သက် လေကြောင်းဗုံးကြဲတာတွေလုပ်တယ်။ လက်နက်အကြီးကြီးတွေနဲ့ ပစ်ခတ်မှုတွေလုပ်တယ်။ စစ်တပ်ကပစ်တဲ့နေရာကလည်း တိုက်ပွဲဖြစ်တဲ့ နေရာတွေ မဟုတ်ဘူး။ လူထုတွေ စုဝေးတဲ့နေရာ ဘာသာရေး ကျောင်းတွေ ခရစ်ယာန်ဘုရားကျောင်း ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေ ဆေးရုံဆေးခန်း၊ လူထုစိုက်ပျိုး ထားတဲ့စိုက်ခင်းတွေကို အကြောင်းမဲ့ ပစ်ခတ်နေလို့ ပြည်သူလူထုက မနေရဲတော့ဘူး တောထဲမှာ သွားနေရတာ ဖြစ်တယ်။

မေး။ ။ စစ်ရှောင် ၁ သန်းကျော်ထံ လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိမှုတွေရောဘယ်လိုရှိပါလဲ။ မြေပြင်မှာ လူသားချင်းစာနာမှုအကူအညီတွေ သွားရောက်ကူညီပို့ပေးတာမှာ ဘယ်လိုအခက်အခဲနဲ့ကြုံနေရပါလဲ။

ဖြေ။ ။ ခရိုင် ၇ ခုလုံးမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ လူဦးရေတစ်သန်းကျော်ဟာ တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် သူတို့ပြန်လို့မရသေးဘူး။ လူဦးရေတစ်သန်းကျော် အတွက် လူသားချင်းစာနာမှုအကူအညီတွေရောက်လာဖို့ကလည်း မသေချာမှုတွေနဲ့ရင်ဆိုင်နေရတယ်။ အမြန်သွား ချင်ပေမယ့် တချို့ဂိတ်တွေက စစ်ဆေးမှုတွေအမျိုးမျိုးနဲ့လည်းကြုံနေရတာပေါ့။ KPSN အဖွဲ့တွေအားလုံးက ကျန်းမာရေးနဲ့ဆေးဝါးစောင့်ရှောက်မှုတွေရောက်ဖို့အတွက် နည်းလမ်းအမျိုမျိုးနဲ့ သူတို့လိုအပ်တဲ့အစားအသောက် ၊ဆေးဝါးတွေ နိုင်သလောက်ပေါ့၊ KNU ဘက်ကခေါင်းဆောင်တွေနဲ့ချိတ်ဆက်ပြီး ဘာတွေလိုအပ်လဲမေးမြန်းပြီး ကူညီပေးတာရှိတယ်။

ဒီစစ်ရှောင်တွေတိုးလာတဲ့ ဒီဒူးပလာယာခရိုင်မှာဆိုရင် စစ်ရှောင်နေတဲ့လူဦးရေဟာဆိုရင် ငါးသောင်းကျော် ရှိတယ်။ အဲဒီအတွက် ကျွန်မတို့တွေ ရန်ပုံငွေလိုအပ်ပါတယ်ဆိုတာ ကြေညာချက်ထုတ်ပြန် ထားပါတယ်။ ခရိုင်လူကြီးတွေကိုဆက်သွယ်မေးမြန်းပြီး ဘာတွေလိုအပ်လဲဆိုတာ အစားအစာ ဒီ ၅၄ မီလီယံ ကလည်း ၃ လစာ အတွက်ဆန်ဆိုပြီးတော့ လူဦးရေပေါ့။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ တပ်မဟာ ၆ မှာဖြစ်သွားတဲ့ တိုက်ပွဲကြောင့် ၅၄ သန်းလိုပါတယ်လို့ ထုတ်ပြန်ထားပါတယ်။ဒီငွေကလည်း KPSN ကိုပဲ လာရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ကျွန်မတို့မန်ဘာအဖွဲ့ အစည်းတွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်တဲ့ အဖွဲ့တွေလည်းရှိတယ်။ အမိုးအကာ ရရေးအတွက် ချက်ပြုတ်ရန်အတွက် အိုခွက်၊ ရေချိုးဆပ်ပြာ၊ မိုးတွင်းမှာ ခြင်ရောက်လာလို့ ဖျာတွေ၊ ခြင်ထောင်၊ စောင်တွေ၊ အမျိုးသမီးသုံးတစ်ကိုယ်ရည်တွေလည်း လိုအပ်တယ်။ အကူအညီက လိုအပ်ချက်တွေ အများကြီးရှိတယ်။ ရေတိုအတွက်ရော ရေရှည်အတွက်လည်း အများကြီးလိုပါတယ်လို့ ပြောပြချင်ပါတယ်။

မေး။ ။ စစ်ရှောင် ၁ သန်းကျော်ထဲက ကိုယ်ဝန်ဆောင်အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူတွေနဲ့ ကလေးငယ်တွေ လက်ရှိမှာ သူတို့တွေရဲ့အခြေအနေ ဘယ်လိုကြားသိရလဲ။ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆေးဝါးစားနပ်ရိက္ခာတွေ လုံလုံလောက်လောက် ရရှိမှုရှိပါလား။

ဖြေ။ ။ ဒီစစ်ရှောင်လူဦးရေ တစ်သန်းကျော်ထဲမှာ လူဦးရေမျိုးစုံပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကလေးငယ်တွေပါတယ်။ မသန်စွမ်းတွေပါတယ်။ ဒီအခြေအနေကို ပြီးခဲ့တဲ့ ၁ လပိုင်းက ကွင်းဆင်းလေ့လာချက် အရ တွေ့ရတာ။ လူသားချင်းမစာနာတဲ့လူတစုကြောင့် အပြစ်မဲ့ပြည်သူတွေထွက်ပြေးရတယ်။ အသက်ကြီးသူ တွေလည်း တိမ်းရှောင်နေရတယ်။ ကိုယ်ဝန်ဆောင်တွေဆိုလည်း ဆေးဝါးကုသမှုတွေလည်း မရရှိဘူး။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အခါမှာ ဆေးရုံ၊ဆေးခန်းတွေကို လိုက်ဖျက်ဆီးနေတာ။ အပြစ်မဲ့ပြည်သူတွေကို လိုက်ပစ်ခတ်နေတာ လုံးဝလူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။

စားနပ်ရိက္ခာလည်း လုံလုံလောက်လောက်လည်း မရရှိနေဘူး။ ကျွန်မတို့ရဲ့မန်ဘာအဖွဲ့အစည်းတွေ ပူးပေါင်း ပြီးတော့ ဘယ်လိုနည်းနဲ့ကူညီကြမလဲ အရေးပေါ်လိုရင်လိုသလိုပေါ့။ ကျွန်မတို့ကကူညီပြီးတော့ ဝိုင်းဖြေရှင်းတာ တွေရှိတယ်။ အဲဒါလည်း ဆက်လက်လုပ်ဆောင်နေတယ်။ ဒါကရေတိုအတွက်ပဲ ဖြစ်နေသေးတယ်။ ရေရှည်အတွက်က ဘယ်လိုဆက်လုပ် ရမလဲအပိုင်းကတော့ ဒါနောက်တခန်းပေါ့။ ဆေးဝါးကုသမှုတွေလည်း အများကြီးလိုနေပါသေးတယ်။ တချို့ နေရာတွေဆို ဆေးရုံဆေးခန်းမရှိသေးလို့ အသက်ဆုံးရှုံးရတာတွေ ရှိနေပါသေးတယ်။ ရောဂါအခံရှိသူတွေ နာတာရှည်ရောဂါရှိသူတွေလည်း အခက်အခဲရှိတယ်လို့ကြားသိရပါတယ်။

မေး။ ။ လက်ရှိမှာလည်း စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးတွေသုံးပြီး လူ့အခွင့်အရေးချိုးဖောက် လုပ်ဆောင်မှုတွေကို ပိုမိုကျုးလွန်လာနေတာတွေ့ရပါတယ်။ ဒီစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ဘာများပြောချင်ပါသလဲ။ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ကလည်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေနဲ့ပတ်သက်ပြီး ဘာများလုပ်ဆောင်သင့်ပါလဲ။

ဖြေ။ ။ စစ်အာဏာသိမ်း ဒီလေးနှစ်လုံးမှာဆိုရင် မြန်မာတစ်နိုင်ငံလုံးကတွေ့မြင်ရပြီ ခံလည်းခံစားရကြပြီ။ တစ်နိုင်ငံလုံးကလည်း စစ်အာဏာရှင်ကိုတွန်းလှန်ဖို့ ပူးပေါင်းပါဝင်ကြတယ်။ ကျွန်မပြောပြချင်တာက ကရင် ပြည်သူလူထုကဆိုရင် စစ်အာဏာရှင်ကိုဖြုတ်ချရန်အတွက် တော်လှန်ရေးလုပ်ခဲ့တာ နှစ်ပေါင်း ၇၀ ကြာခဲ့ပြီ။ ကျွန်မတို့ကရင်လူထု ခံစားနေရတာ ဒုက္ခပြသာနာကဆိုရင် ဘယ်လောက်ထိရှိနေခဲ့သလဲ။ ဒုက္ခသည်ထဲမှာ မနေချင်ဘဲ နေနေရတဲ့သူတွေ စစ်မရှောင်ချင်ဘဲ ရှောင်နေရသူတွေ အများအပြားရှိတယ်ဆိုတာကို ကျွန်မပြောပြ ချင်တယ်။ မြင်စေချင်တယ်။ သိစေချင်တယ်။ ခံစားစေချင်တယ်။ တချို့ဆို ဒုက္ခသည်စခန်းမှာပဲ ဘဝကူးသွား တယ်။ သေဆုံးသွားသူတွေ အများကြီးရှိတယ်။ လူမဆန်တဲ့လူတစုရဲ့လုပ်ရပ်ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု တွေ အများကြီးရှိခဲ့ရတယ်။ အမျိူးသမီးတွေကိုလည်း လက်နက်အင်အားအသုံးချပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးကြုံတွေ့ရတယ်။

ကျွန်မတို့တွေလိုပဲ စစ်အာဏာသိမ်းလေးနှစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာအဖွဲ့တွေ ကလည်း မြင်ပြီးသိပြီးနေပြီ။ မင်းအောင်လှိုင်ကို အရေးယူစေချင်တယ် မြန်မြန်လေး။ CSO အဖွဲ့အစည်း NUG အပါအဝင် အချက်အလက်အကုန်လုံးစုဆောင်းပြီး တင်ပြပြီးပြီ။ ဒါကို အခုထိ အရေးမယူသေးတဲ့ အခြေအနေကို မြင်ရတော့ ဒါကိုတော်တော်လေးစိတ်ပျက်မိတယ်။ စိတ်မကောင်း ဖြစ်မိတယ်။ ငါတို့တွေ အခုဆိုမြန်မာနိုင်ငံမှာ ဒီပဲယင်းမြို့မှာဖြစ်သွားတဲ့အခြေအနေ ကလေးတွေ ဘာအပြစ်တွေ များရှိလို့လဲဆိုတဲ့ မေးခွန်းတွေပေါ့။ စိတ်မကောင်းဖြစ်ရတယ်။ ဘာကြောင့် ဂရုမစိုက်ဘဲနေရလဲဆိုတဲ့ အသံအပြင် အော်ခေါ်နေဆဲကူညီပေးဖို့ရန် ဒီ UN ရော ကျွန်မတို့အသံကို များများနားထောင်ပေးပါ။ မြန်မြန်အရေးယူပေးပါ ။ လူဘယ်နှစ်ယောက်လောက် ထပ်သေမှ မြန်မာပြည်သူလူထုအသံကိုနားထောင်ပေးမလဲ နားထောင်နိုင်မလဲ၊ မေးချင်တယ်။

မေး။ ။ ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါဦး။

ဖြေ။ ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာ နိုင်ငံတကာကသိရှိပြီးဖြစ်တယ်။ အဲဒါကို ကျွန်မတို့မြန်မာနိုင်ငံက လျစ်လျုရှုအပယ်ခံဖြစ်နေရတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ထပ်မံပြီး တိုက်တွန်းပြောချင်တယ်။ ကျွန်မတို့ကလေးတွေ အော်ခေါ်နေတဲ့အသံတွေကို နားထောင်ပေးပါ။ ကျွန်မတို့ကလည်း အစွမ်းရှိသလောက် ကျွန်မတို့ပြည်သူလူထုကို ကာကွယ်ပေးနေတယ်။ အဲဒါကိုလည်း သိစေချင်တယ်။ ကျွန်မတို့အစွမ်းအစရှိသလောက် ကျွန်မတို့ပြည်သူလူထုတွေ ကျွန်မတို့ဆက်လက်ပြီးတော့ ကာကွယ်နေတယ်။ ဆက်လက်ပြီးတော့ လုပ်ဆောင်နေတယ်။ အဲဒါကိုလည်း ကျွန်မသိစေချင်တယ်။

ကျွန်မတို့က ဒီအတိုင်းမနေနေဘူး။ အစွမ်းအစရှိသလို ကျွန်မတို့တွေက အင်တိုက်အားတိုက်စွမ်းဆောင်နေတယ်။ ဆက်လက်ပြီး ကျွန်မတို့ဘက်ကရပ်တည်ပေးဖို့ ဒီစစ်အာဏာရှင်ကိုဖြုတ်ချပေးဖို့ အသံတစ်သံတည်း ရှိစေချင် တယ်ဆိုတာကို ဖြည့်စွက်ပြီးတော့ပြောပြချင်တယ်။ ဒီထက်ပြီးတော့ လူသားချင်းစာနာမရှိတဲ့လုပ်ရပ်တွေကို ဆက်မကျူးလွန်အောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ နောက်ထပ်မဖြစ်ပေါ်အောင် ကျွန်မတို့တွေအသံထွက် နေသလို အဖက်ဖက်မှာရှိနေတဲ့လူတွေလည်း ကျွန်မတို့နဲ့ရပ်တည်ပေးဖို့ ကျွန်မပြောပြချင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။