“ကရင်နီပြည်စုဖွဲ့ထားမှုက ကျွန်တော်တို့ကြားကာလကို ဖြည့်ဆည်းပေးနိုင်ဖို့ပဲရှိတယ်။ ကြားကာလမှာ ဥပဒေပြုရေးနဲ့ဆိုင်တဲ့မဏ္ဍိုင် သူ့ရဲ့လုပ်ငန်းစဉ် သူနဲ့ဆိုင်တဲ့လုပ်ငန်းစဉ်တွေကို ဖြည့်ဆည်းပေးဖို့သာ ဖြစ်ပါတယ်” ကရင်နီပြည်နယ် ကြားကာလလွှတ်တော် ဒုတိယဥက္ကဌ စောအားလ်ဒို

By MPM 25 နိုဝင်ဘာ, 2023 👁

ကရင်နီပြည်နယ် ကြားကာလလွှတ်တော် ဖွဲ့စည်းတဲ့အခြေအနေ၊ ဖော်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သတ်ပြီး ကရင်နီပြည်နယ် ကြားကာလလွှတ်တော် ဒုတိယဥက္ကဌ စောအားလ်ဒိုနဲ့ မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ရဲ့ သဘောတူညီချက်အရ ကရင်နီပြည်နယ် ကြားကာလလွှတ်တော် KSIP ကို ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့ ရက်စွဲနဲ့ အတည်ပြုကြေညာလိုက်ပါတယ်။ ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ကို၂၀၂၀ အထွေထွေးရွေကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနဲ့ ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးကာလအတွင်း လုပ်ငန်းစဉ် ၅ ရပ် ချမှတ်အကောင်အထည် ဖော်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ဖွဲ့စည်းရတဲ့ အခြေအနေ၊ ဖော်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေ၊ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ကရင်နီပြည်နယ် ကြားကာလလွှတ်တော် ဒုတိယဥက္က စောအားလ်ဒိုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံး ကရင်နီပြည်နယ်ကြားကာလ ဥပဒေပြုရေးကော်မတီကနေ လွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးရှင်းပြပေးပါဦး။

ဖြေ။ ။ ကျွန်တော်တို့ ကရင်နီပြည်ကြားကာလအစီအမံကနေ စပြောရမယ်။ ကရင်နီပြည်ကြားကာလ အစီအမံမှာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ မဏ္ဏိုင်တစ်ရပ်အနေနဲ့ ဖွဲ့စည်းဖို့ပါရှိတယ်။ ဥပဒေပြုရေးကော်မတီမှာ သူ့ရဲ့လုပ်ပိုင်ခွင့်တွေ သတ်မှတ်ထားပေးတာ ရှိပါတယ်။ ပေးထားတဲ့အာဏာတွေက လွှတ်တော်တွေမှာရရှိထားတဲ့ လွှတ်တော်ရဲ့အာဏာတွေနဲ့ ညီညွတ်နေတယ်ပေါ့လေ။ ကျွန်တော်တို့က ဒီလို သုံးသပ်တာပေါ့လေ။ စုစည်းထားတဲ့လူတွေကလည်း ၂၀၂၀ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေပဲ ဖြစ်တာပေါ့လေ။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဖြစ်တယ်။

ပေးအပ်ထားတဲ့ အခွင့်အာဏာတွေကလည်း လွှတ်တော်ရဲ့ အခွင့်အာဏာတွေနဲ့ ညီညွတ်နေတဲ့အခါ လွှတ်တော်ကိုသာလျှင်သုံးစွဲရင် ပိုပြီးကောင်းမွန်တယ်။ နိုင်ငံရေးအရလည်း ပိုပြီးအနှစ်သာရပြည့်ဝတယ်။ ကျွန်တော်တို့က ဒီလိုသုံးသပ်ပြီးတော့မှ ကျွန်တော်တို့က KSCC ကို အမည်နာမခေါ်ဝေါ်သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး ပြောင်းလဲခေါ်ဝေါ်ဖို့ဆိုပြီးတော့မှ ကျွန်တော်တို့က KSCC ကို ပြန်လည်ပြီး အဆိုတင်သွင်းခဲ့တာပေါ့။ အဆိုသွင်းခဲ့ပြီး KSCC ကလည်း ဒါကိုခွင့်ပြုခဲ့တာပေါ့နော်။ ခွင့်ပြုခဲ့တဲ့အတွက် ဥပဒေပြုရေးကော်မတီကနေ ကျွန်တော်တို့က ကြားကာလလွှတ်တော်ပေါ့။ ကရင်နီပြည် ကြားကာလလွှတ်တော်အထိ ပြန်လည်ပြီးတော့ အမည်နာမခေါ်ဆိုပြီး ရပ်တည်ပါတယ်။

မေး။ ။ ကရင်နီပြည်နယ် ကြားကာလလွှတ်တော်အနေနဲ့ ရှေ့ဆက်ဖော်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ နံပါတ် ၁ က လွှတ်တော်လို့ဖြစ်တဲ့အတွက် လွှတ်တော်မှာသုံးခုရှိပါတယ်။ နံပါတ် (၁) က ဥပဒေပြုခြင်း၊ နံပါတ် (၂) က လူထုကိုယ်စားပြုခြင်းပေါ့။ မဲဆန္ဒရှင်များကို ကိုယ်စားပြုခြင်းဆိုတဲ့ဟာတွေ ရှိပါတယ်။ နောက်နံပါတ် (၃) က ထိန်းကျောင်းခြင်းဆိုတဲ့ဟာ ရှိပါတယ်။ ဒါကတော့ လွှတ်တော်တွေမှာပေးထားတဲ့ အာဏာတွေလည်း ဖြစ်တယ်။ ကျွန်တော်တို့က အဲဒါတွေလုပ်ဖို့ရှိပါတယ်။ ဆက်ပြီးတော့ ဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်ထားတာရှိပါတယ်။ နံပါတ် (၁) က ကြားကာလအတွင်းမှာ အုပ်ချုပ်ရေးကောင်စီနဲ့ တရားရေးနဲ့ သူတို့ကကျင့်သုံးဖို့ လိုအပ်တဲ့ဥပဒေတွေကို ရေးဆွဲပြဌာန်းပေးမှာပေါ့။ ရေးဆွဲပြဌာန်းတဲ့ လုပ်ငန်းစဉ်တစ်ခုကို လုပ်မယ်။

နောက်တစ်ခုကတော့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်ကို လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ အရမ်းလည်း ချွတ်ချော်တိမ်းစောင်းမှုမရှိအောင် ကျွန်တော်တို့က ထိန်းညှိမယ်လို့ ကျွန်တော်တို့က သုံးနှုန်းထားပါတယ်။ ပုံမှန်ဆို ထိန်းကျောင်းတယ်လို့ ဖြစ်တယ်ပေါ့။ သို့သော် ကျွန်တော်တို့က တော်လှန်ရေးကာလမှာဆိုရင် ဒီအပြန်အလှန် ထိန်းကျောင်းတယ်ဆိုတာ ဟုတ်တယ်။ သို့သော် မြန်မာအနေနဲ့ဆို ထိန်းညှိတဲ့သဘောပေါ့။ ထိန်းညှိတယ် ထိန်းကျောင်းတယ်ဆိုတာ နည်းနည်းတော့ ကွာခြားမှာပေါ့လေ။ ထိန်းညှိပြီး အပြန်အလှန်ဆွေးနွေးပြီး လုပ်ဆောင်တဲ့သဘောကို ဆောင်တာဖြစ်တယ်။ ဒါကတော့ ဒုတိယလုပ်ငန်းစဉ်ပါ။ တတိယလုပ်ငန်းစဉ်မှာတော့ မဟာမိတ်လုပ်ငန်းတွေပေါ့။ မဟာမိတ် ဆက်ဆံရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဖော်ပြထားတာတွေ ရှိပါတယ်။ နောက်လူထုနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့ လူထုရဲ့စားဝတ်နေရေး ရပ်တည်ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို အကူအညီပေးနိုင်ဖို့ဆိုတဲ့ ကိစ္စရပ်တွေကိုလည်း ကျွန်တော်တို့က ဖော်ပြထားတာပေါ့လေ။ အဲဒီအချက်တွေ ရှိတယ်ပေါ့လေ။

မေး။ ။ တော်လှန်ရေးကာလမှာ အခုလိုလွှတ်တော်တစ်ရပ်ဖော်ဆောင်ရတဲ့အခါ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေ ရှိနေပါလဲ။

ဖြေ။ ။ လွှတ်တော်ကို ဖော်ဆောင်တဲ့နေရာမှာ အခက်အခဲကတော့ ရှိပါတယ်။ ကြီးလည်းကြီးပါတယ်။ လက်ရှိ ရှိနေတဲ့ စုစည်းထားမှုက လွှတ်တော်ကိုယ်စားလှယ်တွေက တစ်ယောက်နဲ့တစ်ယောက် တစ်နေရာတည်းမှာ စုစည်းမှုရှိမနေဘူးပေါ့လေ။ အတူတူစုစည်းမှု ရှိမနေတဲ့အခါ ကျွန်တော်တို့က လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာ နှောင့်နှေးကြန့်ကြာမှုတွေရှိတယ်။ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်ရတဲ့ဟာမျိုးတွေ ရှိတာပေါ့ လေ။ အဲဒီလိုမျိုးတွေမှာ နှောင့်နှေးမှုတွေ ဖြစ်ပေါ်လာတာပေါ့လေ။

နောက်တစ်ခုက အဆက်အသွယ်တွေပေါ့လေ။ အင်တာနက်အဆက်အသွယ်တွေ ဒါတွေကလည်း ကျွန်တော်တို့ အတွက် အခက်အခဲရှိပါတယ်။ ဆိုတော့ အဓိကက ကျွန်တော်တို့က မြေပြင်မှာစုစည်းမှုမရှိတဲ့အခါ ကျွန်တော်တို့က အွန်ုလိုင်းကိုအသုံးပြုရတယ်။ အွန်လိုင်းကိုအသုံးပြုတဲ့အခါမှာ အဖွဲ့ဝင်တွေက ပြည်တွင်းထဲမှာ ရှိနေတဲ့လူတွေနဲ့ နယ်စပ်ဒေသတွေမှာ အခြေချ နေတဲ့လူတွေနဲ့ ဆက်သွယ်ရဖို့က အင်တာနက် အခက်အခဲတွေ ကလည်း တော်တော်ရှိပါတယ်။ ကျန်တဲ့အခက်အခဲတွေက ကြိုးစားပြီးတော့မှ ဖြေရှင်းလို့ရတဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ်။

မေး။ ။ ကရင်နီပြည်နယ် ကြားကာလလွှတ်တော်အနေနဲ့ ရည်ရွယ်ထားတဲ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ထားနိုင်မှု အခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ လတ်တလောကတော့ ကြေညာချက်ထဲမှာ ထုတ်ပြန်တဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ စုဖွဲ့ပြီးပြီ။ ကျွန်တော်တို့စုဖွဲ့ပြီးတော့မှ ရုံးလုပ်ငန်း တွေကိုလည်း စတင်ပြီးတော့မှ ဆောင်ရွက်နေပြီ။ ရုံးပိုင်းဆိုင်ရာမှာလည်း ဖွဲ့စည်းမှုတွေကိုလည်း ကျွန်တော်တို့က လုပ်ဆောင်ထားပြီးပြီပေါ့လေ။ ရုံးပိုင်းဆိုင်ရာမှာ ဌာန ၄ ခုလောက်ထားရှိပြီးတော့မှ ဆောင်ရွက်တာတွေရှိတယ်။ နောက်ပြီးတော့ ရုံးလုပ်ငန်းတွေ ဆောင်ရွက်မယ့်ဝန်ထမ်းပေါ့။

CDM လုပ်ထားတဲ့ အရာထမ်းတွေ၊ လုပ်သားတွေ ပါဝင်ပြီးတော့မှ စုဖွဲ့ထားတာ သူတို့အနေနဲ့ လတ်တလော စေတနာ့ဝန်ထမ်းအနေနဲ့ ပါဝင်ပြီးတော့မှ သူတို့ရုံးလုပ်ငန်းတွေ လွယ်ကူချောမွေ့အောင် လည်ပတ်နေတာတွေ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့က ဥပဒေပြုတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့က ရေးရာကော်မတီတွေကို ဖွဲ့စည်းထားတာ ရှိပါတယ်။ ရေးရာကော်မတီတွေက အခုမှလည်း လောလောဆယ်ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက်ကြောင့် ရေးရာကော်မတီအနေနဲ့ သိပ်ပြီးတော့မှ အသက်ဝင်လာမှုတော့ မရှိသေးဘူးပေါ့။ သို့သော် ရှေ့လျှောက်မှာတော့ ဒါတွေကို ပိုမိုပြီးကောင်းမွန်အောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ အနာဂတ်ဖက်ဒရယ်တည်ဆောက်ရေးကဏ္ဍမှာ ကရင်နီပြည်နယ်ကြားကာလ လွှတ်တော်အနေနဲ့ ဘယ်လိုပါဝင်ဆောင်ရွက်သွားဖို့ ရှိနေပါလဲ။

ဖြေ။ ။ အနာဂတ်ဖက်ဒရယ်တည်ဆောက်ရေးမှာတော့ ကျွန်တော်တို့ ကရင်နီပြည်လွှတ်တော်အနေနဲ့က ကျွန်တော်တို့စဉ်းစားတာက အဲဒီလောက်အထိ မရှိဘူး။ ကရင်နီပြည်စုဖွဲ့ထားမှုက ကျွန်တော်တို့ကြားကာလကို ဖြည့်ဆည်းပေးနိုင်ဖို့ပဲရှိတယ်။ ကြားကာလမှာ ဥပဒေပြုရေးနဲ့ဆိုင်တဲ့မဏ္ဍိုင် သူ့ရဲ့လုပ်ငန်းစဉ် သူနဲ့ဆိုင်တဲ့ လုပ်ငန်းစဉ်တွေကို ဖြည့်ဆည်းပေးဖို့သာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ကြားကာလလွန်ပြီးသွားရင်တော့ နောက်တစ်ပိုင်း အသွင်ကူးပြောင်းရေးကာလမှာ ရှိမှာမဟုတ်တော့ဘူး။ သို့သော် ကရင်နီပြည် ကြားကာလ အစီအမံအရတော့ ဆက်ပြီးတော့မှ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနဲ့တော့ ချိတ်ဆက်မှုတော့ရှိပါတယ်။ ကျွန်တော်တို့ ကြားကာလ ကရင်နီပြည်လွှတ်တော်ကတော့ အခုထက်ထိကို မစဉ်းစားဘူး။ ဒီဘက် ကြားကာလအတွင်းကိုပဲ အဓိက ဦးတည်စဉ်းစားတာဖြစ်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။