27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူးရခိုင်အမျိုးသားနေ့တွင် အာရက္ခပြည်သူများကပြောသော ရင်တွင်းမျှော်လင့်ချက်စကားသံတချို့။

ရခိုင်အမျိုးသားနေ့တွင် အာရက္ခပြည်သူများကပြောသော ရင်တွင်းမျှော်လင့်ချက်စကားသံတချို့။

မေလ ၁၂ ရက်တွင် ကျရောက်သော ကဆုန်လပြည့်ကျော် ၁ ရက်သည် ရခိုင်တစ်မျိုးသားလုံး၏ ရခိုင်အမျိုးသားနေ့ ဖြစ်သည်။ ရခိုင်အမျိုးသားနေ့ကို ၂ဝ၁၅ ခုနှစ်မှစတင်ကာ ပြည်တွင်း၊ ပြည်ပတွင် ရခိုင်လူမျိုးများက နှစ်စဉ်ကျင်းပခဲ့ကြသည်။

ရခိုင်အမျိုးသားနေ့ကို ၂၀၁၄ ခုနှစ်က ကျောက်ဖြူမြို့တွင်ကျင်းပခဲ့သည့် ရခိုင်အမျိုးသားညီလာခံကနေ ရခိုင်တွင် မဟာမုနိရုပ်ပွားတော်မြတ်ကိုသွန်းလုပ်ပြီးစီးခဲ့သည့် ကဆုန်လပြည့်ကျော် ၁ ရက်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် အတည်ပြုသတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ရခိုင်အမျိုးသားနေ့ကို ကျင်းပနိုင်ခြင်း မရှိခဲ့သလို ၂ဝ၂၃ ခုနှစ်မှ စတင်ကာ ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ကျင်းပနိုင်ခြင်း မရှိတော့ပေ။

ရခိုင်အမျိုးသားနေ့ကို လာမည့်နှစ်များတွင် သိုက်သိုက်ဝန်းဝန်းနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပစေလို ကြောင်းနှင့် အာရက္ခပြည်သူများ မျှော်လင့်ကြသည့်နေ့ရက်ကို အမြန်ဆုံးရရှိစေလိုသည်ဟု အာရက္ခပြည်သူ တချို့ကပြောဆိုသည့် ရင်တွင်းမျှော်လင့်ချက်စကားသံတို့ကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးဦးလှမြင့် (ရခိုင်သားကြီးစာပေ)

ရခိုင်အမျိုးသားနေ့ကိုရောက်လာပြီဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ ကြည်နူးမိပါတယ်။ ရခိုင်အမျိုးသားနေ့နဲ့ ထိုက်တန်တဲ့ ရခိုင်လူမျိုးဖြစ်ဖို့အတွက်လည်း အမြဲတမ်းမျှော်လင့်ပါတယ်။ လူမျိုးတစ်မျိုးနဲ့ ထိုက်တန်တဲ့ အရည်အချင်းရှိဖို့၊ ဉာဏ်ပညာမြင့်မားဖို့၊ စဉ်းစားဆင်ခြင်တွေးတတ်ဖို့၊ လူ့ဘုံအလယ်မှာ လူနဲ့နေတတ်ဖို့ စတဲ့ အရည်အချင်းတွေရှိမှ အမျိုးသားနေ့နဲ့ထိုက်တန်တဲ့လူမျိုးလို့ ကျနော်ခံယူမိပါတယ်။

ဒေါ်ညိုအေး (ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ)

ရခိုင်အမျိုးသားနေ့မှာ ရခိုင်သူ၊ ရခိုင်သား၊ မိတ်ဆွေသင်္ဂဟ၊ သားသမီး၊ မြေးမြစ်များအားလုံးကို သာလီစွပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ဒီနေ့ဟာ ရခိုင်ပြည်ရဲ့နေ့ထူးနေ့မြတ် ရခိုင်အမျိုးသားနေ့ဖြစ်ပါတယ်။ ရခိုင်အမျိုးသားနေ့ဟာ ကျမတို့ရဲ့ရင်ထဲမှာ အမြဲတမ်းတည်ရှိနေတဲ့နေ့တစ်နေ့ပါ။ မေ့လို့လည်းမရတဲ့နေ့ တစ်နေ့ဖြစ်ပါတယ်။ ကြာအင်းတောင်ညီလာခံပြီးတော့ ဒုတိယကျောက်ဖြူညီလာခံကြီးဖြစ်အောင် ကြိုးကြိုးစားစားလုပ်ခဲ့ရတဲ့အတွက် မေ့မရတဲ့နေ့ဖြစ်ပါတယ်။ ကျောက်ဖြူညီလာခံမှာ အချက် (၉၁) ချက် ချမှတ်လိုက်တဲ့ဟာက ဒီနေ့ဟာရခိုင်အမျိုးသားနေ့ဖြစ်တဲ့အတွက် သတိတရရှိပါတယ်။ တချိန်ချိန်မှာတော့ အသက်မသေသေးရင် သိုက်သိုက်ဝန်းဝန်းနဲ့ ကျင်းပနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။

မရီလှိုင်းပြာ (ရခိုင်တေးသံရှင်)

ဒီနေ့ကျရောက်တဲ့ ကဆုန်လပြည့်ကျော်တစ်ရက်နေ့ ရခိုင်အမျိုးသားနေ့မှာ ရခိုင်အမျိုးသား၊အမျိုးသမီး တရပ်လုံး ကျန်းမာချမ်းသာလိုအင်ဆန္ဒတွေ ပြည့်ဝပြီးတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်နဲ့ လာမယ့်နှစ်တွေမှာ အမြန်ဆုံးနေနိုင်ပါစေ။ မျှော်လင့်ထားတဲ့နေ့ရက်တွေကိုလည်း အမြန်ရောက်နိုင်ပါစေလို့ ဆုတောင်းပေး ပါတယ်။ အခုလို ရခိုင်အမျိုးသားနေ့မှာ ပြောချင်တာကတော့ ကိုယ့်ပြည်တွင်းမှာရှိနေတဲ့ ရခိုင်သူ၊ ရခိုင်သား တွေဟာ ဒုက္ခသုခ အကျပ်အတည်းကြားထဲက ကိုယ့်ပြည်ကိုယ့်ရွာမှာ အကောင်းဆုံးနေထိုင်ပြီးတော့ ရှိနေပါ တယ်။ နိုင်ငံရပ်ခြား၊ တခြားတိုင်းပြည်တွေမှာ နေထိုင်ကြတဲ့၊ တစ်ကမ္ဘာလုံးမှာရှိကြတဲ့ ရခိုင်သူ၊ရခိုင်သားတွေ အားလုံးလည်း ရခိုင်ပြည်ထဲကို အမြန်ဆုံးပြန်လာစေချင်ပါတယ်လို့ ဆုတောင်းစကားပါးချင်ပါတယ်။

ကိုငြိမ်းချမ်းအောင် (အာရက္ခပြည်သူ)

ယနေ့ကျရောက်တဲ့ ရခိုင်အမျိုးသားနေ့ဟာ ကျွန်တော်တို့ရဲ့သမိုင်းဝင်ဂုဏ်ယူစရာ အမှတ်တရတွေ၊ စည်းလုံး ညီညွတ်မှုရဲ့အရှိန်အဟုန်နဲ့ ခိုင်မာတဲ့ရခိုင့်အင်္ဂါရပ်များကို ပြန်လည်သတိရစေတဲ့နေ့ဖြစ်ပါတယ်။ ခေတ်အဆက် ဆက် ရခိုင်လူမျိုးတွေဟာ ကိုယ်ပိုင်လက္ခဏာ၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဂုဏ်ယူစွာ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်းကို သမိုင်းကသက်သေပြလျက်ရှိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်တို့ဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အခက်အခဲတွေကို တပြိုက်နက်တည်း ရင်ဆိုင် နေရပါတယ်။ အခုလိုကြုံတွေ့နေရတဲ့ အခက်ခဲတွေကိုကျော်လွှားဖို့ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ အားထုတ်မှု နဲ့ မဖြစ်နိုင်ပါ။ အတူတကွလက်တွဲပြီး ရပ်တည်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ဆိုရင် ဘယ်အရာမဆို ကျော်လွှားနိုင် ပါတယ်။ ဒါကြောင့် ရခိုင်အမျိုးသားနေ့ဟာ ကျွန်တော်တို့ရဲ့ဂုဏ်ယူစရာ အတိတ်သမိုင်းကို ပြန်လည် သတိရခြင်းသာမက၊ အနာဂါတ်အတွက် ပိုမိုခိုင်မာတောင့်တင်းတဲ့ ရခိုင်ပြည်ကို အတူတကွ တည်ဆောက် ကြရမှာကို ညွှန်ပြနေခြင်းလည်းဖြစ်ပါတယ်။ Òအားလုံး ညီညွတ်ရင် ဘယ်ဒုက္ခမှ မကြီးပါ” ဆိုတဲ့ ဆိုရိုးစကား အတိုင်း ဒီအခက်အခဲတွေကိုကျော်လွှားပြီး ဂုဏ်ကျက်သရေနဲ့ပြည့်ဝတဲ့ ရခိုင်ပြည်ကို အတူတကွ တည်ဆောက်သွားကြရမယ်လို့ သတင်းစကားပါးလိုက်ပါတယ်။

မမေကြီး (အာရက္ခပြည်သူ)

ရခိုင်အမျိုးသားနေ့မှာ ကိုယ်အပါအဝင် စစ်‌ဘေးရှောင်ပြည်သူတွေအားလုံး စိတ်ဓာတ်မကျဖို့၊ တော်လှန်ရေး ကာလ ပြီးခါနီးပြီဖြစ်လို့ အားတင်းထားကြဖို့နဲ့ တော်လှန်ရေးကာလ တည်ဆောက်ရေးကာလ မျိုးဆက်သစ် လူငယ်တွေပါဝင်လာကြဖို့၊ အဝေးရောက်ရခိုင်ပညာရှင်တွေ အာရက္ခတပ်တော်မှာ ပါဝင်ပူးပေါင်းကြဖို့ကို အဓိက ပြောချင်ပါတယ်။

နိရဉ္စရာ ပေးပို့သည်။