စစ်အုပ်စုက သမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးကြောင်း ကြေညာခဲ့သော်လည်း ‘အမှန်တကယ် လွတ်လပ်မှုမရှိသေး’ ဟု ဂျာမနီသံရုံးအကြီးအကဲပြော

By MPM 9 နိုဝင်ဘာ, 2026 👁 54

စစ်အုပ်စုက သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့သည်မှာ ခြောက်လကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဦးဝင်းမြင့်သည် အမှန်တကယ် လွတ်လပ်မှုမရှိသေးကြောင်း ရန်ကုန်ရှိ ဂျာမနီသံရုံး အကြီးအကဲ Mathias Licharz က ယနေ့ (နိုဝင်ဘာ ၈) ပြောသည်။

ယနေ့ ကျရောက်သည့် သမ္မတဦးဝင်းမြင့်၏ ၇၅ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အတွက် ဂျာမနီသံရုံးအကြီးအကဲက သတင်းစကားပြောရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်၏ ထုတ်ပြန်ချက်အရ ဦးဝင်းမြင့်ကို ယခု ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် အကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ယင်းကြေညာချက်အပေါ် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံကလည်း ကြိုဆိုခဲ့ကြောင်း၊ ကြေညာချက်ထွက်ပေါ်လာပြီးနောက် ၎င်းအနေဖြင့် ဦးဝင်းမြင့်နှင့် တွေ့ဆုံရန် ကြိုးပမ်းခဲ့ကြောင်း ဂျာမနီသံရုံးအကြီးအကဲက ဆိုသည်။

“အခုကျွန်တော်ရောက်ရှိနေတာကတော့ ရန်ကုန်မြို့မှာ ဦးဝင်းမြင့်အရင်က နေထိုင်ခဲ့တဲ့ နေအိမ်ရှေ့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဦးဝင်းမြင့်နဲ့ တွေ့ဆုံဖို့အတွက် ခွင့်ပြုချက် ယူဖို့ လိုအပ်တယ်လို့ နေပြည်တော်ဘက်ကနေ ကျွန်တော့်ကို အကြောင်းကြားခဲ့ပါတယ်။ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့တာ ခြောက်လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ အခုချိန်အထိ ကျွန်တော် ခွင့်ပြုချက် မရသေးပါဘူး” ဟု ပြောသည်။

“ဒီအခြေအနေကနေ ကောက်ချက်ချနိုင်တာ တခုပဲရှိပါတယ်။ ဦးဝင်းမြင့်ဟာ အမှန်တကယ် လွတ်လပ်မှု မရှိသေးပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

ဦးဝင်းမြင့်အနေဖြင့် ၎င်းတွေ့ချင်သည့် သူများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်မရှိသကဲ့သို့ အခြားသူများနှင့်လည်း လွတ်လပ်စွာ ဆက်သွယ်ပြောဆိုခွင့်မရှိကြောင်းလည်း ဂျာမနီသံရုံး အကြီးအကဲက ပြောကြားသည်။

ထို့ကြောင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ မြန်မာတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ အဆုံးသတ်နိုင်ရန် အမှန်တကယ်အဓိပ္ပာယ်ရှိပြီး ရိုးသားပွင့်လင်းသည့် တွေ့ဆုံဆွေးနွေးမှုများ စတင်လုပ်ဆောင်ကြရန် ဂျာမနီသံရုံးအကြီးအကဲက တိုက်တွန်းခဲ့ပြီး ဦးဝင်းမြင့်အတွက် မွေးနေ့ဆုတောင်းစကားလည်း ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် NLD ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

စစ်အုပ်စုက သမ္မတ ဦးဝင်းမြင့်ကိုလည်း အမှုပေါင်း ရှစ်မှုဖြင့် စွပ်စွဲပြီး စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ကာ ယခုနှစ် ဧပြီလတွင် ပြန်လွှတ်ပေးကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကုလသမဂ္ဂက ဦးဝင်းမြင့်ကို မြန်မာနိုင်ငံ၏ တရားဝင် သမ္မတအဖြစ် အသိအမှတ်ပြုထားဆဲဖြစ်ကြောင်းကိုလည်း ဂျာမနီသံရုံးအကြီးအကဲက ၎င်း၏ သတင်းစကားတွင် ထည့်သွင်းပြောကြားထားသည်။

မဇ္ဈိမ