ပဲခူးတိုင်းအနောက်ပိုင်းတွင် လူတစ်ဦးလျှင် ကျပ်တစ်သိန်းအထိ စစ်အုပ်စုက စစ်မှုထမ်းကြေး ကောက်ခံနေ

By MPM 24 အောက်တိုဘာ, 2026 👁 45

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းကြေးကို တစ်ဦးလျှင် ကျပ်သိန်းဂဏန်းအထိ အတင်းအကျပ်တောင်းခံနေသဖြင့် ပြည်သူများ အခက်တွေ့နေကြကြောင်း ဒေသခံများက ပြောသည်။

အိမ်ထောင်စုတစ်စုလျှင် စစ်မှုထမ်း အသက်ကန့်သတ်ချက်အတွင်း ပါဝင်သူတစ်ဦးရှိပါက ကျပ်တစ်သိန်း၊ ၃ ဦးရှိပါက ကျပ် ၃ သိန်းနှင့် စစ်မှုထမ်းအရွယ်မရှိသည့် အဘိုးအဘွား ၂ ဦးတည်းနေထိုင်သော အိမ်များကိုပင် ကျပ် ၃ သောင်းအထိ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အတင်းအကြပ် ကောက်ခံနေခြင်းဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် ဒေသခံတစ်ဦးက “ဥသျှစ်ပင်နဲ့ ဥသျှစ်ပင်မြောက်ခြမ်းကျေးရွာတွေ အဆိုးဆုံးပဲ။ တစ်ယောက်ရှိ တစ်သိန်း၊ နှစ်ယောက်ရှိ ၂ သိန်း။ လမ်းပေါ်တော့ အရင်လို ရုတ်ပျက်ဆင်းပျက် မဆွဲတော့ဘူး” ဟု ပြောသည်။

ထိုသို့ စစ်မှုထမ်းကြေး ကောက်ခံမှုကို ဥသျှစ်ပင်နှင့် ဥသျှစ်ပင်မြောက်ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းရှိ ဘူးဘက်၊ ရပ်သာအရှေ့ရွာ၊ ရပ်သာအနောက်ရွာ၊ တလုပ္ပင်၊ ကျွဲရဲ၊ ရေတွင်းလှ၊ တောင်ဘို့ကြီးနှင့် မြေဝါမှန်ကုန်း စသည့် ကျေးရွာများတွင် အများဆုံးကောက်ခံနေသည့်အပြင် ပန်းတောင်းမြို့နှင့် ကပ်ရက်ရှိ ဒေါင်းမနား၊ မကျီးထုံးနှင့် စွယ်တော်နတ်မောက်ကျေးရွာများတွင်လည်း ကောက်ခံလျက်ရှိသည်။

အသက် ၅၀ အရွယ် ရာအိမ်မှူးဟောင်းတစ်ဦးက “အရောင်းအဝယ်က ထွေအုပ်ကလုပ်တာ ရွာအုပ်ချုပ်ရေးမှူးနဲ့မဆိုင်ဘူး။ အသားလွတ်ပေးရတာ။ စစ်မှုထမ်းပါသွားသူကို နစ်နာကြေးပေးဖို့ဆို တော်သေးတယ်၊ အခုက ထွေအုပ်ချမ်းသာဖို့ဖြစ်နေတာ” ဟု ရွာအလိုက် လူစားထိုးကောက်ခံနေမှုနှင့်ပတ်သက်၍ ပြောသည်။

ကျေးရွာ သန်းခေါင်းစာရင်းများနှင့်တိုက်ဆိုင်ကာ စစ်မှုထမ်းခေါ်ယူခြင်းဖြစ်သဖြင့် မဲပေါက်ပြီး ထွက်ပြေးသူအချို့၏ မိသားစုများကိုလည်း လူမတွေ့ပါက မိဘကို ထောင်ဒဏ် ၁ နှစ် ချမှတ်မည်ဟု စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များက ခြိမ်းခြောက်လျက်ရှိသည်။

ထို့ပြင် ကျောင်းတက်နေဆဲ ကျောင်းသားများကိုလည်း ကျောင်းနားကာ စစ်မှုထမ်းရမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများက တရားဝင်ပြောဆိုထားသည်။

၂၀၂၄ ခုနှစ်က စတင်ခဲ့သည့် ပထမဆုံး စစ်မှုထမ်းအပတ်စဉ်များသည် ၂၀၂၆ ခုနှစ် ဧပြီလတွင် ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ် ၍ အစားထိုးရန်အတွက် လူသစ်ပိုမိုစုဆောင်းရန် စစ်အုပ်စုက ညွှန်ကြားထားကြောင်း အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

စစ်အုပ်စုသည် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲအပြီးပိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေအရဆိုကာ လူဝင်မှုကြီးကြပ်ရေးဌာန၏ အချက်အလက်များကို အသုံးပြု၍ စစ်မှုထမ်းအကျုံးဝင်သူများကို စာရင်းပြုစုမှတ်ပုံတင်ခိုင်းခြင်း၊ အလှည့်ကျဆင့်ခေါ်ခြင်းနှင့် တစ်ဦးထက်ပိုရှိသော အိမ်ထောင်စုများကို ရပ်ကွက်ရုံးများ၌ မဲနှိုက်ခိုင်းခြင်းတို့ကို ပြုလုပ်နေသည်။

ထို့ပြင် ကိုယ်တိုင်မသွားလိုသူများကို လူစားထိုးလဲလှယ်ရန်အတွက် ရပ်ကွက်၊ ကျေးရွာအလိုက် စစ်မှုထမ်းကြေးများ ကောက်ခံနေခြင်းဖြစ်သည်။

NMG