စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်က စာသင်ကျောင်းအချို့ ပိတ်ထားရ

By MPM 18 အောက်တိုဘာ, 2026 👁 42

ရခိုင်ပြည်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပုဏ္ဏားကျွန်း၊ ဝီရဌာနီ (ပေါက်တော) နှင့် ကျောက်တော်မြို့နယ်များမှ စာသင်ကျောင်းအချို့ ပိတ်ထားရ၍ ကလေးများ ပညာသင်ကြားရေး ရပ်တန့်နေကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျောင်းအများအပြား ပိတ်ထားရသည်။

စစ်တပ်က ပုဏ္ဏားကျွန်းမြို့နှင့်အနီး ကျေးရွာများကို ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရှိနေသည့်အတွက် ကလေးငယ်များ ကျောင်းမတက်နိုင်တော့သည့် အခြေအနေဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ပုဏ္ဏားကျွန်းဘက်မှာတော့ မြို့နဲ့ နီးတဲ့ရွာတွေမှာ စာသင်ကျောင်းတွေ ပိတ်ထားတယ်။ ဗုံးကြဲတာရယ်၊ လက်နက်ကြီးနေ့တိုင်းပစ်သံတွေ ကြားနေရတာကြောင့်ပေါ့” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ၁၀ ကျော်မှာ မိဘများက သားသမီးလုံခြုံရေးအတွက် စိုးရိမ်ကာ ကျောင်းမပို့ကြသဖြင့် ပညာသင်ကြားရေးလုံးဝရပ်တန့်နေသည့် အနေအထားဟု ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

ကျောက်တော်မြို့မှာလည်း စက်တင်ဘာ ၂၈ ရက်က ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း လေကြောင်းအန္တရာယ်ကို စိုးရိမ်မှုကြောင့် မိဘများက ကလေးများကို ကျောင်းမပို့ကြ၍ ယခုအချိန်ထိ ပိတ်ထားရဆဲဖြစ်သည်။

“ကျောက်တော်မြို့ပေါ်မှာဆို ဗုံးကြဲတဲ့နေ့က စလို့ ကလေးတွေ ကျောင်းပိတ်ထားတာ။ မိဘတွေကလည်း စိုးရိမ်လို့ မလွတ်သလို ဆရာ၊ ဆရာမတွေကလည်း စာသင်ဖို့အဆင်မပြေ ကြသေးဘူး။ ကလေးတွေ သွားပို့ရင်တောင် လေယာဥ်လာရင် သွားခေါ်နေရတာနဲ့။ အခုကတော့ လုံးဝပိတ်ထားတယ်” ဟု ကျောက်တော်မြို့မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ရခိုင်ပြည်မှာ ၂၀၂၃ ခုနှစ်ကစပြီး တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် စာသင်ကျောင်းများကို နေရာရွှေ့ပြောင်းစနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ရသည်။

ကလေးငယ်များ ပညာရေးနှင့် အလှမ်းမဝေးစေရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခအမျိုးသားပညာရေးဌာနကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ဖွဲ့စည်းပြီး တရားဝင် စာသင်ကျောင်းများ ဖွင့်လှစ်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အခုနောက်ပိုင်း အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသောကြောင့် ကျောင်းများကို ပိတ်ထားရသည့်အခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်သည်။

လက်ရှိမှာလည်း စစ်တွေမြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲများ နေ့စဉ်ပြင်းထန်လာကာ စစ်တပ်ကလည်း ရခိုင်က မြို့/ရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးစခန်းများနှင့် စစ်ဘေးရှောင်စခန်းမချန် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေသည်။

DMG