SSPP ထိပ်ပိုင်းခေါင်းဆောင်များနှင့် အောက်ခြေတပ်ဖွဲ့ဝင် ၄,၀၀၀ ကျော်အကြား တွေ့ဆုံ

By MPM 6 အောက်တိုဘာ, 2026 👁 26

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိပ်ပိုင်းခေါင်းဆောင်များက သျှမ်းမြောက်ဒေသရှိ အောက်ခြေတပ်ဖွဲ့ဝင် (၄,၀၀၀) ကျော်ကို တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း SSPP info က ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင်  ဗဟိုဌာနချုပ် ထိပ်ပိုင်းခေါင်းဆောင်များသည် ပြီးခဲ့သည် သြဂုတ်လ နှောင်းပိုင်းမှ စက်တင်ဘာ နှောင်းပိုင်းအထိ သျှမ်းမြောက်ဒေသရှိ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်းရေးသားထားသည်။

သို့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်တွင် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုအတွင်း SSPP နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အောက်ခြေတပ်ဖွဲ့ဝင်များ စကားများရာမှ  သေနတ်ပစ်ခတ်မှုဖြစ်ပွားကာ TNLA ဘက်မှ တပ်သား ၂ ဉီး သေဆုံးခဲ့ကြောင်းနောက်ပိုင်း (အောက်တိုဘာ ၂) ရက်မှာ ထုတ်ပြန်လာသည်။​

အဆိုပါ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည့် ဒုတိယ စစ်ဉီးစီးချုပ် (၁) ဒုဗိုလ်ချုပ်ကြီး စဝ်ငေါင်းဖ၊ ဒုစစ်ဉီးစီးချုပ် (၂) ဒုဗိုလ်ချုပ်ကြီး စဝ်ပင်းမိန်းတို့က ဉီးဆောင်ပြီး သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မူဆယ်နှင့်နမ့်ခမ်းဘက်ရှိ SSPP တပ်ဖွဲ့ဝင်များကို သွားရောက်တွေ့ဆုံခဲ့ကြောင်း ရေးသားထားသည်။​

ထိုတွေ့ဆုံမှုတွင် လုံခြုံရေးနှင့် ကာကွယ်ရေး၊ အမျိုးသားရေး၊ တပ်နှင့် ပြည်သူအကြား စည်းလုံးညီညွတ်ရေး၊ လက်ရှိ ပြည်တွင်းနိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။​

ထို့ပြင် မြေပြင်တွင် တာဝန်ထမ်းနေသည့် အောက်ခြေတပ်ဖွဲ့ဝင်များကို စိတ်ဓာတ်အားပေးမြှင့်တင်ပေးခြင်း၊ သျှမ်းပြည်တပ်မတော်၏ မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များအချို့ကိုလည်း အောက်ခြေအဆင့်အထိ သဘောပေါက်နားလည်စေရန် ရှင်းလင်းပေးခြင်းနှင့် လိုအပ်သည့် လက်နက်ခဲယမ်းများနှင့် စစ်ရေးအသုံးအဆောင်စာရင်းများကို ပြုစုခြင်း စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်