ကယ်ဆယ်ရေးအကြောင်းပြ၍ ရေဘေးသင့် လောင်းလုံးမြို့ကို စစ်အုပ်စု စစ်ကြောင်းထိုးနေဟုဆို

By MPM 6 အောက်တိုဘာ, 2026 👁 26

ရေဘေးသင့်ထားမှုကြောင့် ကူညီကယ်ဆယ်ရေးများ လိုအပ်နေသည့် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းသို့ ကယ်ဆယ်ရေးလုပ်ငန်းများအကြောင်းပြ၍ လက်နက်အင်အားအပြည့်အစုံဖြင့် စစ်အုပ်စုတပ်က စစ်ကြောင်းထိုးနေသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၃ ရက်) ညနေပိုင်းကစ၍ မြေသယ်ကားများဖြင့် အင်အား ၂၀၀ ခန့်ပါသည့် စစ်အုပ်စုတပ်က ညင်းမော်ရွာဘက်မှတဆင့် လောင်းလုံးမြို့နယ်အတွင်းသို့ ဦးတည်စစ်ကြောင်းထိုးလာခြင်းဟု သိရသည်။

ယနေ့ (အောက်တိုဘာ ၄ ရက်) မွန်းလွဲပိုင်း၌ စစ်အုပ်စုတပ် အင်အား ၂၀၀ ခန့်သည် ကဒက်ငယ်ရွာအတွင်းရောက်ရှိနေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။

“မနေ့က ညင်းမော်မှာ အိပ်ကြတယ်။ ဒီနေ့ လောင်းလုံးထဲမှာရှိနေတဲ့ကောင်တွေနဲ့ပေါင်းပြီး အောက်ကို ထပ်ဆင်းလာတာ၊ မနက်က ဂေါ့အင်းရောက်နေပြီတဲ့။ ရွာသားတွေက ထွက်ပြေးနေကြရပြီ၊ ရေဘေးကို အမြတ်ထုတ်တာပေါ့ ဒါက။ အခု ကဒက်ငယ်ကို ဝင်ပြီ” ဟု ဒေသတွင်း သတင်းရင်းမြစ်တရပ်က မဇ္ဈိမကို ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) ကလည်း ဒေသတွင်း ပြည်သူများ ရေဘေးသင့်နေကြရအချိန် စစ်အုပ်စုတပ်က ကဒက်ငယ်ရွာဘက်သို့ စစ်ကြောင်းထိုးရန် စီစဉ်နေကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် ပြည်သူများ ဆင်းရဲဒုက္ခရောက်နေချိန် ထိတွေ့မှုမဖြစ်စေရန် တပ်ဆုတ်ထားသော်လည်း စစ်အုပ်စုတပ်က ပြည်သူ့အခက်အခဲအား လျစ်လျူရှု၍ စစ်ကြောင်းထိုးဝင်ရောက်လာမည်ဆိုပါက ပူးပေါင်းတပ်များအနေဖြင့်လိုအပ်သလို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရေဘေးသင့်နေသည့် ကျေးရွာတခုဖြစ်သည့် လောင်းလုံးမြို့နယ် သကျက်တာရွာမှ ဒေသခံအမျိုးသမီးတဦးက “တကယ်ဆင်းလာတာပါ။ စစ်ကြောင်းထိုးလာတာ။ ဘယ်ကိုပြေးလို့ ပြေးရမယ်မှန်း မသိဘူး” ဟု ပြောသည်။

စစ်အုပ်စုတပ်က ထိုကဲ့သို့ စစ်ကြောင်းထိုးဝင်ရောက်ခြင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းများအား အကြောင်းပြပြီး နယ်မြေစိုးမှု အပြည့်အဝပြန်ရနိုင်ရေး ရေဘေးသင့်ချိန် အခွင့်ကောင်းယူ၍ ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်လာခြင်းဟု သတင်းရင်းမြစ်က ပြောသည်။

ဒေသခံများအနေဖြင့်လည်း စစ်အုပ်စုတပ်စစ်ကြောင်း ဝင်ရောက်လာခြင်းကြောင့် စစ်ရေးအခြေအနေများ ပြင်းထန်လာမည်ကို စိုးရိမ်လျက်ရှိနေကြသည်။

အလားတူ ရေးဘေးသင့်ဒေသဖြစ်သည့် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့လည်း အောက်တိုဘာ ၃ ရက်နေ့တွင် စစ်အုပ်စုတပ် စစ်ကြောင်းတကြောင်း ရောက်ရှိနေ၍ ဒေသခံများ နေရပ်စွန့်ခွာနေကြရသည်ဟု ဆိုသည်။

စစ်ကြောင်းထိုးဝင်ရောက်ခြင်းအပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့နှင့် စက်တင်ဘာ ၃၀ ရက်နေ့တို့တွင် သရက်ချောင်းနှင့် ထားဝယ်မြို့နယ်များအတွင်းသို့ စစ်အုပ်စုတပ်က K8W လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းရှိသည်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း ရေကြီးမှုနှင့် တောင်မြေပြိုမှုများကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဒေသတွင်းရှိ စစ်အုပ်စုတပ်အပါအဝင် လက်နက်ကိုင်တပ်များအနေဖြင့် အပစ်အခတ်ရပ်စဲပေးထားကြရန် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင် – DDMSC) ကလည်း ထုတ်ပြန်တောင်းဆိုထားသည်။

ထို့ပြင် စစ်အုပ်စုတပ်အနေဖြင့် ရေဖြူ၊ ထားဝယ်နှင့် သရက်ချောင်းမြို့နယ်များအတွင်း စစ်ရေးလှုပ်ရှားမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေရာတိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သောကြောင့် စစ်အုပ်စုတပ်အနေဖြင့် စစ်ရေးလှုပ်ရှားမှုများအား ချက်ချင်းရပ်တန့်ပေးရန် သဘာဝဘေးသင့် ပြည်သူများကိုယ်စား DDMSC က တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဇ္ဈိမ