ရခိုင်ပြည်၊ ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးခဲ့ရသည့် ဖြစ်စဉ်အတွက် တာဝန်ရှိသူများကို အရေးယူပေးရန်နှင့် နစ်နာသူများအတွက် တရားမျှတမှု အမြန်ဆုံးရရှိစေရန် မိသားစုဝင်များနှင့် ဒေသခံပြည်သူများက တောင်းဆိုနေကြသည်။
စက်တင်ဘာ ၂၈ ရက်တွင် ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးသို့ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် အရပ်သား ၅၀ ဦး သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရရှိခဲ့သည်။
သေဆုံး၊ ဒဏ်ရာရသူများအတွင်း ကလေးငယ်များ၊ အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအပြင် ဈေးရောင်းဈေးဝယ်လာသူများ၊ ခရီးသွားလာသူများနှင့် ဒေသခံပြည်သူများ ပါဝင်ခဲ့သည်။
အဆိုပါဖြစ်စဉ်အတွင်း ကိုယ်ဝန် ၉ လရှိသည့် ဇနီးဖြစ်သူကို ဆုံးရှုံးခဲ့ရသည့် ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှ ကိုမောင်စိုးဝင်းက နိုင်ငံတကာအနေဖြင့် တာဝန်ရှိသူများကို အရေးယူပေးရန် တောင်းဆိုထားသည်။
“အခုလို ရခိုင်သူရခိုင်သားတွေ မခံစားရအောင် နိုင်ငံတကာက ပြစ်ဒဏ်တွေချမှတ်ပေးတာကို လိုလားတယ်။ ကျနော်တို့ ရခိုင်သူ ရခိုင်သားတွေ သားကွဲမယားကွဲ မဖြစ်ရအောင် မင်းအောင်လှိုင်ကို နိုင်ငံတကာက အရေးယူတာတွေ လုပ်ပေးစေချင်တယ်” ဟု ကိုမောင်စိုးဝင်းက ပြောသည်။
ကိုမောင်စိုးဝင်း၏ ဇနီးသည် ဗုံးကြဲခံရသည့် အိန္ဒိယဈေးသို့ သမီးဖြစ်သူနှင့်အတူ ဈေးဝယ်ရန်သွားစဉ် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကျောက်တော်မြို့နယ် နေပူခံမွတ်ဆလင်ကျေးရွာမှ ကိုခင်မောင်လှသည်လည်း အဆိုပါဖြစ်စဉ်အတွင်း မိခင်နှင့် ညီအစ်ကို ၂ ဦးကို ဆုံးရှုံးခဲ့ရသည်။
၎င်းက မိသားစုဝင်များ ဆုံးရှုံးခဲ့ရသည့်အတွက် အလွန်နာကျင်ရကြောင်းနှင့် တာဝန်ရှိသူများကို ပြန်လည်အရေးယူစေလိုကြောင်း ပြောဆိုထားသည်။
“ကျနော် ပြောချင်တာကတော့ ကျနော့်အမေနဲ့ ကျနော့်ညီ ၂ ယောက်ကို ဗုံးကြဲသလို အာရက္ခတပ်တော်ကလည်း စစ်တပ်က တစ်ပုံစံထဲလုပ်ပေးရင် ကျနော်တို့ ကျေနပ်မယ်။ ကျနော့်အမေနဲ့ ကျနော့်ညီတွေကို သူတို့ကြောင့် ဆုံးရှုံးရသလို သူတို့ကိုလည်း အေအေက တိုက်ပေးရင် ကျေနပ်တယ်” ဟု ကိုခင်မောင်လှက ပြောသည်။
ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းဘက်မှလည်း ဝေဖန်ရှုတ်ချထားပြီး အရပ်သားများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်ရန် တောင်းဆိုထားကြသည်။
သို့သော် ကျောက်တော်ဖြစ်စဉ်နောက်ပိုင်းတွင်လည်း အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်အတွင်းရှိ မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်နေသည်။
ယင်းကြောင့် ရခိုင်ဒေသအတွင်း အရပ်သားများ၏ လုံခြုံရေးနှင့် နောက်ထပ် ထိခိုက်သေဆုံးမှုများ ဖြစ်လာနိုင်ခြေမှာလည်း စိုးရိမ်စရာ အခြေအနေဖြစ်နေသည်။
DMG