ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာနှင့် ယိုးငူကျေးရွာကြားရှိ ဗျာလစစ်ဘေးရှောင်စခန်းကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင်ခြောက်ဦးထက်မနည်းသေဆုံးသွားကြောင်း ကနဦးသတင်းအရ သိရသည်။
စစ်ရှောင်အရေးကူညီပေးနေသည့် စာရေးဆရာ ကိုဝေဟင်အောင်က “အဲဒီဘက်က လူကြီးတွေကိုလှမ်းမေးတာကတော့ ကိုးယောက်လောက်တောင်မှ အသေအပျောက်ရှိမယ်လို့ ပြောတယ်။ လက်ရှိကတော့ အလောင်းတွေ့တာကတော့ ခြောက်လောင်းတွေ့ထားပြီလို့ပြောတယ်။ လုံးဝ မီးကျွမ်းနေတယ်လို့ ပြောတယ်” ဟု နိရဉ္စရာကို ပြောသည်။
အောက်တိုဘာလ ၄ ရက်၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် အာဏာသိမ်းစစ်တပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးက အဆိုပါစစ်ဘေးရှောင်စခန်းကို ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် အရေးပေါ်လူနာက ခုနစ်ဦးရှိကာ ၁ဝ ဦးခန့် ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။
အာရက္ခတပ်တော် (ULA/AA) ကတော့ “အာရက္ခပြည်၊ ပုဏ္ဏားကျွန်းမြိုနယ်၊ သရက်ချို နှင့် ယိုးငူကျေးရွာ ကြားတွင်ရှိသည့် ယိုးငူ၊ ဗျာလစစ်ဘေးရှောင်စခန်းအား အောက်တိုဘာလ (၄) ရက်၊ ညနေ (၅) နာရီ (၁၀) မိနစ်အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ နေအိမ်များနှင့် ဈေးဆိုင်အများအပြား ပျက်စီးမီးလောင်သွားခဲ့ပြီး လက်ရှိအချိန်အထိ စစ်ဘေးရှောင် အပြစ်မဲ့အရပ်သားပြည်သူ ပွဲချင်းပြီးသေဆုံးသူ (၆) ဦးနှင့်အတူ ဒဏ်ရာရရှိသူအချိုရှိခဲ့သည်။ သတင်းအသေးစိတ်ကို ဆက်လက် ထုတ်ပြန်ပေးသွားပါမည်” ဟု ထုတ်ပြန်ထားပါသည်။
နိရဉ္စရာ