ကုလ အာရှ-ပစိဖိတ်ဒေသအုပ်စု အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးကျော်မိုးထွန်း တာဝန်ယူ

By MPM 15 စက်တင်ဘာ, 2026 👁 43

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂ၏ အာရှ-ပစိဖိတ်ဒေသအုပ်စု အလှည့်ကျဥက္ကဋ္ဌအဖြစ် ယခု စက်တင်ဘာလအတွင်း တာဝန်ယူဆောင်ရွက်နေကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ထုတ်ပြန်ထားသည်။

အာရှ-ပစိဖိတ်ဒေသအုပ်စုတွင် ကုလသမဂ္ဂအဖွဲ့ဝင် အာရှနှင့် ပစိဖိတ်ဒေသမှ နိုင်ငံပေါင်း ၅၅ နိုင်ငံပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံက ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွက် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူထားခြင်းဖြစ်သည်။

အလှည့်ကျဥက္ကဋ္ဌတာဝန်ယူနေသည့် ဦးကျော်မိုးထွန်းသည် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက နော်ဝေဘုရင် ပဉ္စမမြောက် ဟာရဲလ်ဒ် (King Harald V) ကွယ်လွန်မှုအတွက် ပြုလုပ်သည့် အောက်မေ့လွမ်းဆွတ်ခြင်းအခမ်းအနားသို့ တက်ရောက်ကာ အာရှ-ပစိဖိတ်ဒေသအုပ်စုကိုယ်စား အမှတ်တရစကား ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကုလသမဂ္ဂရှိ ဒေသအုပ်စုများ၏ အလှည့်ကျဥက္ကဋ္ဌများက အစဉ်အလာအရ တက်ရောက်ပြီး အမှတ်တရစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဦးကျော်မိုးထွန်းသည် (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တံခါးဖွင့်အစည်းအဝေးများ၊ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ အစည်းအဝေးများနှင့် ကောင်စီလက်အောက်ခံ အစည်းအဝေးများတွင် တက်ရောက်၍ မိန့်ခွန်းများ ပြောကြားခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၏ ပုံမှန်အစည်းအဝေးများ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးသူငယ်ရေးရာ၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များဆိုင်ရာ အစည်းအဝေးများအပြင် ဘေးပန်းအစည်းအဝေး (Side Event) များတွင်လည်း ပါဝင်မိန့်ခွန်းပြောကြားခဲ့ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ဆိုသည်။

အဆိုပါထုတ်ပြန်ချက်အရ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလတလျှောက် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းက မိန့်ခွန်းပေါင်း ၈၀ ကျော် ပြောကြားခဲ့ကြောင်း သိရသည်။

မဇ္ဈိမ