ရခိုင်ပြည်တစ်ဝန်း အရပ်သားနေရာများကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု မြင့်တက်နေဟု AA ဆို

By MPM 15 စက်တင်ဘာ, 2026 👁 37

ရခိုင်ပြည်အတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်နေသဖြင့် အရပ်သား ထိခိုက်သေဆုံးမှုနှင့် နေအိမ်  အဆောက်အအုံ ပျက်စီးမှုများ မြင့်တက်နေကြောင်း အာရက္ခတပ်တော် (AA) က ဆိုသည်။

စက်တင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်တွင် အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်အတွင်းရှိ စစ်ရေးပစ်မှတ် မဟုတ်သော အရပ်သားနေရာများကို ဂျက်တိုက်လေယာဉ်များဖြင့် မကြာခဏ ဗုံးကြဲတိုက်ခိုက်နေကြောင်း AA က ပြောဆိုထားသည်။

စက်တင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီ ၅၆ မိနစ်ခန့်က ပုဏ္ဏားကျွန်းမြို့ရှိ သမိုင်းဝင် ဦးရာဇ်တော်ဘုရား တည်ရှိရာ တောင်ခြေရင်း ကြိုးတံတားအနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် စေတီရင်းကျေးရွာမှ အသက် ၃၈ နှစ်အရွယ် ဒေါ်စိုးစိုးနှင့် ရသေ့တောင်မြို့မှ အလည်ရောက်ရှိနေသည့် အသက် ၅၆ နှစ်အရွယ် ဦးမိုးမိုးတို့ သေဆုံးခဲ့ကြောင်း AA က ဆိုသည်။

ထို့အပြင် အသက် ၉ နှစ်အရွယ် မဖြူဖွေး၊ အသက် ၇၁ နှစ်အရွယ် ဒေါ်ကျော့စိန်နှင့် ရသေ့တောင်မြို့မှ အသက် ၄၃ နှစ်အရွယ် ဦးအောင်ဝင်းမောင်တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် စက်တင်ဘာ ၄ ရက်မှစ၍ စစ်တွေ–ပုဏ္ဏားကျွန်းအစပ်တွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲနှင့် လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှု များကြောင့် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်မှ ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း DMG က သတင်းဖော်ပြထားသည်။

AA ၏ ထုတ်ပြန်ချက်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အခြားတိုက်ခိုက်မှုများကိုလည်း ဖော်ပြထားသည်။

စက်တင်ဘာ ၁၁ ရက်က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အသက် ၆၃ နှစ်အရွယ် ဒေါ်လှသန်းယဉ် သေဆုံးခဲ့သည်။ ဒေါ်လှသန်းယဉ်သည် ဝီရဌာနီမြို့နယ် သဝင်ချောင်းကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးဖြစ်ကြောင်း DMG က သီးခြားသတင်း ဖော်ပြထားသည်။

ယင်းနေ့တွင်ပင် တောင်ကုတ်မြို့နယ် ရွာသစ်ကေကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက် ၅၉ နှစ်အရွယ် ဦးတင်မောင် သေဆုံးပြီး အသက် ၆၇ နှစ်အရွယ် ဦးမြင့်ရွှေ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်နှစ်လုံး လည်း ပျက်စီးခဲ့ကြောင်း AA က ဆိုသည်။

စက်တင်ဘာ ၁၀ ရက်ညကလည်း ဂွမြို့နယ် ကျိန္တလီမြို့ အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက်တို့ လေကြောင်းတိုက်ခိုက်ခံရပြီး အသက် ၈၅ နှစ်အရွယ် ဦးကျော်ခင် သေဆုံးကာ အသက် ၅၅ နှစ်အရွယ် ဦးချစ်ဆန်းမောင် ဒဏ်ရာရရှိခဲ့သည်။ နေအိမ် ကိုးလုံးလည်း ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စက်တင်ဘာ ၁၂ ရက်က ဆမီးမြို့နယ် ဘွေလီကျေးရွာအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်များ၊ ဈေးဆိုင်များနှင့် မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်း AA က ဆိုသည်။

စက်တင်ဘာ ၄ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဂူဝဘုရား လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ဘုရားစေတီနှင့် ဆင်းတုတော်များ ပျက်စီးခဲ့ကြောင်း DMG က သတင်းဖော်ပြထားသည်။

လက်ရှိတွင် စစ်တွေ–ပုဏ္ဏားကျွန်းအစပ်အပြင် ကျောက်ဖြူဘက်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေပြီး ရခိုင်ပြည်တောင်ပိုင်းဒေသများတွင်လည်း စစ်ရေးဖိအားများ မြင့်တက်နေသည်။

ISP-Myanmar ၏ မကြာသေးမီက လေ့လာချက်အရ ULA/AA သည် ရခိုင်ပြည်နယ်၏ ၉၂.၆ ရာခိုင်နှုန်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားသော်လည်း အာဏာသိမ်းစစ်တပ်က လေကြောင်းနှင့် အခြား တိုက်ခိုက်မှုများမှတစ်ဆင့် ရခိုင်ပြည်အတွင်း လုံခြုံရေးခြိမ်းခြောက်မှု ဆက်လက်ပြုလုပ်နိုင်သည့် အခြေအနေ ရှိနေဆဲ ဖြစ်သည်။

DMG က စုစည်းထားသည့် စာရင်းများအရ ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်အထိ ရခိုင်ပြည်တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၆၀၂ ဦး သေဆုံးပြီး ၁,၂၁၁ ဦး ဒဏ်ရာရရှိ ထားသည်။ အဆိုပါစာရင်းတွင် စက်တင်ဘာ ၁၃ ရက် ပုဏ္ဏားကျွန်း လေကြောင်းတိုက်ခိုက်မှုမှ နောက်ဆုံး သေဆုံးဒဏ်ရာရသူများ မပါဝင်သေးပေ။

ရခိုင်ပြည်အတွင်း စစ်မျက်နှာအများအပြား၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာပါက အရပ်သား ထိခိုက်သေဆုံးမှုနှင့် စစ်ဘေးရှောင်ဦးရေ ထပ်မံမြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

DMG