ဖာပွန်မှာ စစ်တပ်ထိုးစစ်ကြောင့် ကျေးရွာ ၃၀ နီးပါး တိမ်းရှောင်နေရ

By MPM 15 စက်တင်ဘာ, 2026 👁 86

ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်တဲ့လုပ်ရပ်တွေကြောင့် ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရရှိမှုတွေ ရှိနေပြီး ကျေးရွာပေါင်း ၃၀ နီးပါး ဒေသခံပြည်သူတွေ နေထိုင်မရဲကြတော့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနှစ် မေလပထမအပတ်ကနေ စက်တင်ဘာလ ဒုတိယအပတ်အတွင်း ကမမောင်းကနေ ဖာပွန်ဘက်သို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ ကျေးရွာတွေထဲကို လေကြောင်းတိုက်ခိုက်မှု မြေပြင်စစ်ဆင်မှုတို့ကြောင့် ဒေသခံ ၂၂ ဦး ဒဏ်ရာရရှိခဲ့ပြီး လေးဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်လုပ်မှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ အိမ် ၂၇၅ လုံးနဲ့ ဘာသာရေးအဆောက်အဦးတွေ စာသင်ကျောင်းတွေ ပျက်စီးသွားခဲ့ပြီး စာသင်ကျောင်း ၁၇ ကျောင်းမှာ ဒေသခံပြည်သူတွေ တက်ရောက်လို့မရဲတော့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် လူဦးရေ ၃၅၀၀၀ ကျော် စစ်ဘေးထပ်မံထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ဒေသခံပြည်သူတွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေ စိုက်ခင်းတွေ ယာဉ်သုံးစက်ပစ္စည်းတွေလည်း ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ က ထုတ်ထားပြန်ပါတယ်။

စစ်တပ်က ကရင်ပြည်နယ် ဖာပွန်မြို့မှာရှိတဲ့ ဗျူဟာစခန်းကို စစ်ကူပေးပို့နိုင်ရေးနဲ့ KNU သိမ်းပိုက်ထားတဲ့ နယ်စပ်တစ်လျှောက်က တပ်စခန်းတွေအပါအဝင် တပ်စခန်းတွေအလုံးစုံ ပြန်လည်သိမ်းပိုက်ရယူနိုင်ရေးတို့အတွက် မေ ၅ ရက်နေ့ကစပြီး ကမမောင်း-ဖာပွန်လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာခဲ့တာပါ။

ကမမောင်းက ဖာပွန်ဘက်သို့ စစ်ကြောင်းထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတို့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တို့အကြား မေလ ၅ ရက်နေ့က စက်တင်ဘာလဒုတိယအပတ်အတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

ကမမောင်းကနေ ဖာပွန်ဘက်သို့ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုအတွင်း KNLA တပ်မဟာ ၅ ရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဘက်က အထိနာခဲ့ပြီး အချိန် ၄ လကျော် ကြာလာခဲ့ပေမယ့် ဖာပွန်ကို အခုအချိန်ထိ မရောက်ရှိသေးဘဲ ဖာလုံကြီးရွာမှာသာ ရောက်ရှိနေခဲ့တာပါ။

KNU ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က စစ်တပ်ရဲ့ စခန်းတစ်ခုဖြစ်တဲ့ ထော်မူပလဲမဲစခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး ဖာပွန်ဗျူဟာဘက်မှာလည်း ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်