ရန်ကုန်မြို့တွင်း နေ့ခင်းဘက်ပါ ဖမ်းဆီး​နေ၍ တပ်သားစု​ဆောင်းမှု အ​ခြေအ​​နေအဆိုးဆုံးဖြစ်​နေ

By MPM 10 စက်တင်ဘာ, 2026 👁 43

ရန်ကုန်မြို့တွင် မြို့တွင်း၌ ​နေ့ခင်းဘက်ပါ ဖမ်းဆီး​နေသဖြင့် တပ်သားစု​ဆောင်းမှု အ​ခြေအ​နေအဆိုးဆုံးဖြစ်​နေ​ကြောင်း သတင်းအရင်းမြစ်များထံက သိရသည်။

ယခု​လာမည့် သင်တန်းအပတ်စဉ် (၂၈) တွင် လူပြည့်မီရန် စစ်အုပ်စုက တပ်သားစု​ဆောင်းမှုအတွက် ဩဂုတ်လ၏ လ​နောက်ဆုံးအပတ်မှ စက်တင်ဘာလ ပထမပတ်အထိ နှစ်ပတ်တာကာလအတွင်း စုစု​ပေါင်း အမျိုးသား ၇၀ ​ကျော်အထိရှိ​ပြီး ​မြေပြင်တွင် လက်ရှိအ​ရေအတွက်ထက် ပိုများနိုင်ကြောင်း ရန်ကုန်​မြေပြင်ကင်း​ထောက်ကွန်ရက်အဖွဲ့ (Rangoon Scout Network – RSN) က မဇ္ဈိမသို့ ​ပြောသည်။

“စက်တင်ဘာ ပထမအပတ်ထဲ လူလိုက်ဆွဲခံရတာ ၃၅ ယောက်လောက်ထိရှိတာ သိခဲ့ရပါတယ်။ ဩဂုတ်လ နောက်ဆုံးပတ်တုန်းက ဆွဲခံရသူတွေနဲ့ပါပေါင်းရင် အယောက် ၇၀ ယောက် ရှိခဲ့ပါတယ်ဗျ။ ဒါက ကျွန်တော်တို့ သိရသလောက်ပါ၊ မြေပြင်မှာ အဲ့ထက်ဆိုးပါတယ်ဗျ။ အရင်လတွေထက် ၅၀ ရာခိူင်နှုန်းလောက် ပိုများတယ်လို့ ယူဆပါတယ်ဗျ။ ရှေ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၇) တုန်းက လူအရနည်းခဲ့လို့ ဖိအားပေးခံရပြီး ခု (၂၈) အလှည့်မှာ အသည်းအသန်လိုက်ဆွဲသွားတာလို့လည်း ကြားပါတယ်။ တော်တော် လူလိုနေပုံပဲ” ဟု ၎င်းက​ပြောသည်။

ပုံမှန်အ​​ခြေအ​နေတွင် စစ်မှုထမ်းသင်တန်းသစ် မစတင်ခင်အချိန်၌ ရန်ကုန်မြို့စွန်ဘက် ဆင်ခြေဖုံးရပ်ကွက်များတွင်သာ အရပ်အ​ခေါ်​ ပေါ်တာဆွဲခြင်း (တပ်သားစု​ဆောင်းမှု) ကို လုပ်​လေ့ရှိ​​သော်လည်း လက်ရှိတွင်မူ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်ဘက်ကဲ့သို့ မြို့တွင်းဘက်များအထိပါ လူပြတ်သည့်နေရာများတွင် နေ့ခင်းဘက် ဖမ်းဆီးစု​ဆောင်းမှုများပြုလုပ်​​နေ​ဟု ၎င်းကဆိုသည်။

တပ်သားစု​ဆောင်းရာတွင် တောင်ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်းမြို့နယ်များက အများဆုံးဖြစ်ခဲ့ပြီး မြောက်ဒဂုံ၊ လှိုင်၊ တာမွေ၊ ရွှေပြည်သာမြို့နယ်ဘက်မှာလည်း များပြား​ကြောင်း RSN ၏ အဆိုအရ သိရသည်။

မဇ္ဈိမဘက်က စုံစမ်းထားချက်အရ သာ​ကေတ၊ ​တောင်ဥက္ကလာ၊ မရမ်းကုန်း၊ ပုဇွန်​တောင်၊ လသာမြို့နယ်များတွင် လမ်းသွားလမ်းလာများကို တပ်သားစု​ဆောင်းရန် စစ်အုပ်စုက ဖမ်းဆီး​နေသည်ကို မျက်မြင်​တွေ့ရှိ​​ကြောင်း​ ဒေသခံများထံက သိရသည်။

“အခုက ​အသက်မပြည့်​သေးတဲ့​ ကျောင်းသားအရွယ်​တောင် ဖမ်းပြီးရင် ပြန်လွှတ်မလိုလိုနဲ့ အရွယ်​ကောင်းဆိုပြီး တခါတည်း​ခေါ်သွားတာ။ သိထားရသ​လောက် ပုစွန်​​တောင်၊ သာ​ကေတ၊ မရမ်းကုန်း အကြမ်းဆုံးပဲ။ မရမ်းကုန်းဘက်မှာဆို က​လေးတ​ယောက်ကို သိန်း ၁၆၀ နဲ့ သွား​ရွေးရင်ရတယ်ဆိုပြီး သွားထုတ်တာ မရ​တော့ဘူး၊ သင်တန်း​ကျောင်းပို့လိုက်ပြီဆိုလို့ သူ့အ​မေ ရင်ထုမနာဖြစ်​နေတာ” ဟု ရန်ကုန်မြို့ခံတဦးက မဇ္ဈိမသို့​ပြောသည်။

များ​သောအားဖြင့် အသက် ၂၀ နှင့် ၃၅ နှစ်ကြားအမျိုးသားများ ဖမ်းဆီးခံရပြီး တခါတရံ ဆယ်ကျော်သက် အထက်တန်းကျောင်းသားအရွယ်နှင့် အသက် ၄၀ ​အထက် အသက်ကြီးပိုင်းများလည်း ဖမ်းဆီးခံရမှုများရှိ​ကြောင်း​ ဒေသခံများက​ဆိုသည်။

ဖမ်းဆီးခံရသူများကို ပြန်လည်ရွေးထုတ်ရန် ကာယကံရှင်မိသားစု ငွေကြေးတတ်နိုင်သည့်အပေါ်နှင့် ငွေတောင်းသည့်အပေါ်မူတည်ပါ၍ ပျမ်းမျှအနည်းဆုံး ၄,၀၀၀,၀၀၀ ကျပ်မှ အများဆုံး သိန်း ၁၀၀ ကျော် တောင်း​လေ့ရှိ​ကြောင်း သိရသည်။

စစ်မှုထမ်းသင်တန်းသစ် စတင်ရန်နီးလာသည့်နေ့များတွင် ညမှောင်ချိန် လူတဦးစ နှစ်ဦးစ မသွားလာကြရန်၊ လူပြတ်သည့်နေရာများတွင် အသွားအလာဆင်ခြင်ရန်၊ မိမိရပ်ကွက်၊ ကျေးရွာ၌ စစ်မှုထမ်းကိစ္စနှင့် ပတ်သက်သည့်သတင်းများ နားစွင့်ထားရန်နှင့် ယာယီရှောင်တိမ်းရနိုင်မည့်နေရာကို အဆင်သင့်တွေးထားရန်၊ မိမိဘက်က အရေးပေါ်ဆက်သွယ်ရမည့် လူနှစ်ဦး၏ ဖုန်းနံပါတ်များ အလွတ်ကျက်ထားရန် RSN က အကြံပြုသည်။

ရန်ကုန်မြို့တွင်း ယခု​နောက်ပိုင်း တပ်သားစု​ဆောင်းမှုအတွက် ဖမ်းဆီးမှုပိုများလာခြင်း​ကြောင့် ဆယ်​ကျော်သက်နှင့် အသက် ၂၀ ​ကျော်အရွယ် လူငယ်အရွယ် မိသားစုဝင်များမှာ​ နေ့စဉ် စိုးရိမ်ထိန့်လန့်​နေကြရသည်။

ထို့အပြင် မန္တ​လေးတိုင်း သာစည်မြို့နယ်တွင်လည်း ယခင်လို စစ်မှုထမ်း​ကြေး​ပေး၍မရ​တော့ဘဲ စစ်မှုထမ်းအကျုံးဝင်သည့် အမျိုးသားမှန်သမျှ စစ်မှုထမ်းရမည်ဖြစ်​ကြောင်း ​စစ်အုပ်စုလက်​အောက်ခံ ကျေးရွာအုပ်ချုပ်​ရေးမှူးများက ယခုရက်ပိုင်းအတွင်း အသိ​ပေးထား​ကြောင်း သာစည်မြို့သတင်းအရင်းမြစ်ထံက သိရသည်။

အာဏာသိမ်းစစ်တပ်မှ အသက်သွင်းထားသည့် စစ်မှုမထမ်းမ​နေရ ဥပ​ဒေမှာ အပတ်စဉ် (၂၈) သို့​​ရောက်ရှိလာပြီဖြစ်သည်။

မဇ္ဈိမ