သီပေါတွင် အသက် ၁၄ နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

By MPM 1 စက်တင်ဘာ, 2026 👁 40

သျှမ်းပြည် သီပေါမြို့နယ်တွင် အသက် (၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက် (၂၄) နှစ်အရွယ်ရှိ စိုင်းစံ (ခ) စိုင်းဆာစံမှ တစ်ရွာတည်းနေ အသက် (၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူ နန်းစံဟွမ်ကို အလုပ်သွားရှာပေးမည်ဟု အကြောင်းပြခေါ်ဆောင်သွားသည်။

၎င်းနောက်တွင် ဘော်ကြိုကျေးရွာအုပ်စု၊ နမ့်ဟူးနွဲ့ကျေးရွာအနီးရှိ ငှက်ပျောစိုက်ခင်းတစ်နေရာတွင် နန်းစံဟွမ်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ပြစ်မှုကျူးလွန်သူ စိုင်းစံ၏ ထွက်ဆိုချက်နှင့် SSPP စုံစမ်းစစ်ဆေးချက်အရ သိရသည်။

နန်းစံဟွမ် ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ ၎င်းမိဘများက အမှုမှန်ပေါ်ပေါက်ရေးအတွက် ဇွန်လ (၂၅) ရက်တွင် SSPP ထံ တိုင်ကြားခဲ့ရာ အဆိုပါနေ့အတွင်း ပြစ်မှုကျူးလွန်သူ စိုင်းစံအား ဖမ်းဆီးရမိခဲ့ကြောင်း SSPP Info သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့နောက် SSPP/SSA ဗဟိုဌာနချုပ် အထက်တရားရုံးတွင် ဖမ်းဆီးရမိသူကို စစ်ဆေးစီရင်ခဲ့ပြီး ပြစ်မှုပြင်းထန်မှုနှင့် တရားရုံး စီရင်ဆုံးဖြတ်ချက်အရ သေဒဏ်ချမှတ်ခဲ့ကြောင်း၊ သေဒဏ်စီရင်ခြင်းကို ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်) နေ့လယ် ၂ နာရီအချိန်တွင် SSPP ဗဟိုဌာနချုပ်တွင် ဆောင်ရွက်ခဲ့ကြောင်း ယနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

SSPP ၏ စုံစမ်းစစ်ဆေးမှုအတွင်း ပြစ်မှုကျူးလွန်သူမှ နန်းစံဟွမ်ကို လူမဆန်စွာ လည်ပင်းညှစ်သတ်ပြီး ပုလင်းကွဲဖြင့် လည်ပင်း၊ ဝမ်းဗိုက်နေရာတို့ကို အကြိမ်ကြိမ်ထိုးသတ်ကာ အလောင်းကို ငှက်ပျောပင်အောက်တွင် စွန့်ပစ်ထားခဲ့ကြောင်း ပြစ်မှုကျူးလွန်သူ၏ ဝန်ခံထွက်ဆိုချက်နှင့် လိုက်လံပြသမှုအရ သိရကြောင်း ဇွန်လ (၂၆) ရက် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သျှမ်းပြည်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိသည့် ပြစ်မှုကျူးလွန်သူများကို သေဒဏ်ပေးခြင်းများ ခပ်စိပ်စိပ် ပြုလုပ်လာသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နယ်မြေများအတွင်း လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် လက်နက်မှောင်ခိုမှုများအတွက် အများပြည်သူရှေ့၌ သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်မှာ ခြောက်ကြိမ်ထက်မနည်း ရှိခဲ့ပြီဖြစ်သည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် သိန္နီနှင့် လားရှိုးတွင် ၇ ဦး၊ ဧပြီလတွင် လားရှိုးတွင် ၅ ဦး၊ ၂၀၂၄ ခုနှစ် ဧပြီလတွင် လောက်ကိုင်တွင် ခရိုင်မှူး ၁ ဦးနှင့် တပ်သား ၂ ဦးအပါအဝင် ဒီဇင်ဘာလတွင်လည်း ၆ ဦးတို့ကို MNDAA ဘက်မှ သေဒဏ်စီရင်ခဲ့ကြောင်း သိရသည်။

အလားတူ ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ဟိုပန်နှင့် မိုင်းပေါက်မြို့နယ်တို့တွင်လည်း UWSP/UWSA တရားစီရင်ရေးကော်မတီမှ အများပြည်သူရှေ့တွင် ပြစ်မှုကျူးလွန်သူများကို သေဒဏ်ချမှတ်ခြင်း ကျင့်သုံးနေသည်။

သျှမ်းသံတော်ဆင့်