ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုတူးဖော်ရာနေရာ ၅၁၄ ခုအထိရှိလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တူးဖော်မှုများ ပိုမိုအရှိန်မြင့်လာကာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပြင် ဒေသခံများ၏ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် အမျိုးသမီးများအပေါ် ထိခိုက်မှုများရှိနေကြောင်း သုတေသီများက ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဩဂုတ် ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက် နိုင်ငံတကာ မြန်မာ့အရေးလေ့လာမှုညီလာခံ (ICBMS5) အတွင်း Zung Ting၊ Cindy Aung နှင့် Seng Li တို့က ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုတူးဖော်မှုအခြေအနေများကို တင်ပြခဲ့ကြသည်။
ဆွေးနွေးပွဲတွင် Stimson Center ၏ အချက်အလက်များကို ကိုးကားတင်ပြရာ ၂၀၂၆ ခုနှစ်အတွင်း ကချင်ပြည်နယ်၌ ရွှေနှင့် မြေရှားသတ္တုတူးဖော်ရာနေရာ စုစုပေါင်း ၁,၄၈၀ ရှိပြီး ယင်းအနက် ၅၁၄ ခုမှာ မြေရှားသတ္တုတူးဖော်ရာနေရာများဖြစ်ကြောင်း ဖော်ပြထားသည်။
ကချင်ပြည်နယ်တွင် မြေရှားသတ္တုတူးဖော်မှု သိသိသာသာ များပြားလာခြင်းမှာ တရုတ်နိုင်ငံ၏ မြေရှားသတ္တုမူဝါဒ အပြောင်းအလဲနှင့်လည်း ဆက်စပ်နေကြောင်း သုတေသီများက ထောက်ပြသည်။
တရုတ်အစိုးရက ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြေရှားသတ္တုလုပ်ငန်းတွင် တူးဖော်ထုတ်ယူမှုထက် သန့်စင်ထုတ်လုပ်ရေးဘက်သို့ ပိုမိုအာရုံစိုက်လာပြီး ပြည်တွင်းတရားမဝင်တူးဖော်မှုများကို ထိန်းချုပ်လာချိန်တွင် တရုတ်နယ်စပ်နှင့် ထိစပ်နေသည့် ကချင်ပြည်နယ်၊ ချီဖွေနှင့် ပန်ဝါဒေသတို့၌ မြေရှားသတ္တုတူးဖော်မှုများ သိသိသာသာ တိုးလာခဲ့ကြောင်း တင်ပြချက်တွင် ဖော်ပြထားသည်။
အဆိုပါအခြေအနေသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပိုမိုမြင့်တက်လာခဲ့ပြီး ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုတူးဖော်မှုများ အရှိန်အဟုန်ဖြင့် တိုးချဲ့လာခဲ့ကြောင်း သုတေသီများက ဆိုသည်။
တူးဖော်မှုများ များပြားလာခြင်းနှင့်အတူ သစ်တောပြုန်းတီးခြင်း၊ ရေနှင့် မြေဆီလွှာညစ်ညမ်းခြင်း၊ စိုက်ပျိုးမြေများ ထိခိုက်ခြင်းနှင့် တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်ရာဒေသများ ပျက်စီးဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နေကြောင်း သုတေသ နတင်ပြချက်များတွင် ဖော်ပြထားသည်။
မြေရှားသတ္တုတူးဖော်ရာတွင် တောင်ပေါ်သစ်တောများကို ရှင်းလင်းကာ မြေထဲသို့ အပေါက်များဖောက်၍ ဓာတုပစ္စည်းများ ထည့်သွင်းအသုံးပြုရပြီး ယင်းမှထွက်ရှိလာသည့် အညစ်အကြေးများသည် မြစ်ချောင်းများ၊ မြေအောက်ရေနှင့် စိုက်ပျိုးမြေများအတွင်း စီးဝင်နိုင်သဖြင့် ဒေသခံများ၏ သောက်သုံးရေနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုပါ ထိခိုက်စေကြောင်း သုတေသီများက ထောက်ပြသည်။
ကချင်ပြည်နယ်၏ မြေရှားသတ္တုလုပ်ငန်းသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးပြဿနာများသာမက ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခနှင့် နယ်မြေထိန်းချုပ်ရေးတို့နှင့်လည်း ဆက်နွှယ်နေကြောင်း ဆိုသည်။
၂၀၂၄ ခုနှစ်အတွင်း KIO/KIA က ချီဖွေ၊ ပန်ဝါအပါအဝင် မြေရှားသတ္တုထွက်ရှိရာ ဒေသများကို ယခင် NDA-K နယ်ခြားစောင့်တပ် ထိန်းချုပ်မှုမှ သိမ်းယူခဲ့ပြီးနောက် မြေရှားသတ္တုလုပ်ငန်း၏ အုပ်ချုပ်ရေးပုံစံလည်း ပြောင်းလဲလာခဲ့သည်။
ဆွေးနွေးပွဲတွင် “The Governance of Rare Earths Mining in Kachin” ခေါင်းစဉ်ဖြင့် တင်ပြခဲ့သည့် Seng Li ၏ တင်ပြချက်ပါ အချက်အလက်များအရ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တု တန်ချိန် ၁၄၀,၀၀၀ ကျော် တင်ပို့ခဲ့ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း တန်ချိန် ၁၇၀,၀၀၀ ဝန်းကျင်အထိ ရှိခဲ့သည်။
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ တင်ပို့သည့် မြေရှားသတ္တုပမာဏသည် တရုတ်နိုင်ငံ၏ စုစုပေါင်း မြေရှားသတ္တုတင်သွင်းမှု၏ ၇၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ပဋိပက္ခဖြစ်ပွားရာဒေသများမှ မြေရှားသတ္တုတင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉၄၃ သန်းခန့်ရှိကြောင်း တင်ပြချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ကချင်ပြည်နယ်မှ မြေရှားသတ္တုသည် ဝင်ငွေရရှိစေသည့် သယံဇာတတခုသာမဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေထိန်းချုပ်မှု၊ စစ်ရေးနှင့် နိုင်ငံရေးအင်အား၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတို့နှင့်ပါ နီးကပ်စွာ ဆက်နွှယ်နေကြောင်း သုတေသီများက သုံးသပ်သည်။
KIO/KIA က ဒေသကို ထိန်းချုပ်ပြီးနောက် မြေရှားသတ္တုတူးဖော်ရေးအတွက် စည်းမျဉ်းနှင့် အုပ်ချုပ်ရေးယန္တရားအချို့ ချမှတ်လာသော်လည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ အလုပ်သမားအခွင့်အရေးနှင့် ဒေသခံပြည်သူများ ဆုံးဖြတ်ချက်ချမှုတွင် အဓိပ္ပာယ်ရှိစွာ ပါဝင်ခွင့်ရရှိရေးတို့မှာ စိန်ခေါ်မှုများအဖြစ် ဆက်ရှိနေကြောင်း ဆွေးနွေးပွဲတွင် ထောက်ပြခဲ့သည်။
ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတူးဖော်မှုသည် သယံဇာတထုတ်ယူရေးကိစ္စတခုထက် ကျော်လွန်လာပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ဒေသခံများနှင့် အမျိုးသမီးများ၏ အခွင့်အရေး၊ လက်နက်ကိုင်ပဋိပက္ခနှင့် နယ်မြေထိန်းချုပ်မှုတို့အပြင် တရုတ်နိုင်ငံ၏ မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်နှင့်ပါ ဆက်စပ်နေသည့် ဒေသတွင်းပြဿနာတရပ် ဖြစ်လာနေကြောင်း သုတေသီများက သုံးသပ်ထားသည်။
မဇ္ဈိမ