စစ်အုပ်စု၏ တစ်ဖွဲ့ချင်းစီခွဲ၍ ဆွေးနွေးပွဲ ဖိတ်ခေါ်မှုကို KIO လက်ခံမည်မဟုတ်

By MPM 13 ဩဂုတ်, 2026 👁 53

တရုတ်၏ ဖိအားပေးမှုကြောင့် မြန်မာ – တရုတ် နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးမှုများ ရှိလာနေသော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) အနေဖြင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးမူကိုသာ ဆက်လက်ကိုင်စွဲထားသည်ဟု ပြောသည်။

စစ်အုပ်စုသည် တရုတ်-မြန်မာနယ်စပ်ရှိ အင်အားကြီး လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါ တီ (SSPP/SSA) စသည့် အဖွဲ့များနှင့် တစ်ဖွဲ့ချင်းစီ သီးခြားတွေ့ဆုံ ဆွေးနွေးမှုများ ဆက်တိုက် ပြုလုပ်လာခဲ့သည်။

ထိုသို့ တစ်ဖွဲ့ချင်းစီ ဖိတ်ခေါ်သည့် တွေ့ဆုံဆွေးနွေးမှုမျိုးတွင် KIO အနေဖြင့် ပါဝင်မည်မဟုတ်ဘဲ အားလုံးပါဝင်နိုင်သည့် အခင်းအကျင်းမျိုးမှသာ တွေ့ဆုံမည်ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောဆိုသည်။

ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ အမြဲတမ်းပြောနေတဲ့ အားလုံးပါဝင်နိုင်တဲ့ အနေအထားမှာပဲ ကျနော်တို့ တွေ့ ဆုံမှုရှိမှာပါ။ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းနဲ့ ဖိတ်ပြီးမှ တွေ့ဆုံတဲ့ တွေ့ဆုံမှုမှာတော့ ကျနော်တို့ KIO အနေနဲ့တော့ တွေ့ဆုံမှာတော့ မဟုတ်ပါဘူး” ဟု ပြောသည်။

ထို့ပြင် စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရန် တရုတ်ဘက်မှ ဖိအားပေးပြောဆိုခြင်း မရှိသကဲ့သို့ စစ်တပ်ဘက်မှလည်း တွေ့ဆုံရန် ပြောဆိုလာခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

တစ်ဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းသည် တော်လှန်ရေးအဖွဲ့အစည်းများအကြား သပ်လျှိုသွေးခွဲသည့်လုပ်ရပ်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြောင်းအလဲဖြစ်စေမည်မဟုတ်ကြောင်း KIO ဘက်က ထောက်ပြသည်။

“အားလုံး တစ်နိုင်ငံလုံးအတိုင်းအတာ ပါဝင်ပြီးမှ တစ်နိုင်ငံလုံးအတိုင်းအတာ အပြောင်းအလဲ ဖြစ်နိုင်ခြေရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲမှာပဲ ကျနော်တို့က ဆွေးနွေးဖို့ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်အုပ်စုတပ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် မိုင်းလားအဖွဲ့ (NDAA) နှင့် ဩဂုတ်လ ၁၀ ရက်မှ ၁၁ ရက်နေ့အထိ တွေ့ဆုံခဲ့ပြီး အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

အလားတူ ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့များတွင် “ဝ” တပ်ဖွဲ့ (UWSP/UWSA) နှင့် တွေ့ဆုံကာ ပြည်နယ်ရရှိရေး တောင်းဆိုချက်များကို ဆွေးနွေးခဲ့သလို၊ ဩဂုတ်လ ၇ ရက်နေ့က SSPP/SSA နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး၊ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နှင့် လောင်းကစားတိုက်ဖျက်ရေးအပါအဝင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် PSLF/TNLA နှင့်လည်း ဇူလိုင်လ ၁၉ ရက်နေ့က စစ်တပ်တို့ တွေ့ဆုံကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

စစ်အုပ်စုနှင့် ဆွေးနွေးခဲ့သည့် အဆိုပါအဖွဲ့များသည် KIO/KIA အပါအဝင် မြောက်ပိုင်း လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။

လက်ရှိတွင် စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့များမှာ နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း၊ အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားသည့် KIO/KIA မှာမူ ကချင်ပြည်ရှိ မြို့နယ်အများအပြားတွင် စစ်တပ်နှင့် စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

NMG