ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများလုပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဆိုထားသည်။
စစ်တပ်သည် ရခိုင်တွင် အရပ်သားနေထိုင်ရာများ၊ ဆေးရုံ၊ စာသင်ကျောင်းများနှင့် သာသနိက အဆောက်အအုံများအား ရည်ရွယ်ချက်ချက်ရှိ လေကြောင်းတိုက်ခိုက်နေသော ဖြစ်စဉ်များကို ဦးစားပေးစုံစမ်းနေဟု ယမန်နေ့က ထုတ်ပြန်သည့် ကုလစုံစမ်းမှုယန္တရား၏ နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြသည်။
ယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က “ဒီရာဇဝတ်မှုတွေကြောင့် လူတွေရဲ့ ဘဝတွေ အကြီးအကျယ် ပျက်စီးဆုံးရှုံးသွားခဲ့ရတယ် ဆိုတာကို ကျနော်တို့ စုဆောင်းရရှိထားတဲ့ သက်သေ အထောက်အထား တစ်ခုချင်းစီက ထောက်ပြနေပါတယ်” ဟု ပြောသည်။
ရခိုင်အပါအဝင် မြန်မာနိုင်ငံတဝှမ်းက ပြည်သူများသည် စစ်တပ်၏ အကြမ်းဖက်မှု အန္တရာယ်အောက်မှာ နေ့စဉ်ရှင်သန်နေကြရသည့်အပြင် နက်ရှိုင်းပြီး ရေရှည်ကျန်နေသော အကျိုးဆက်များကိုပါ ရင်ဆိုင်နေရသည်ဟု အစီရင်ခံစာက ဖော်ပြသည်။
ထိုအချက်များသည် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများက တာဝန်ခံမှုရှိစေရန် အရေးတကြီးလိုအပ်နေကြောင်းကို အလေးအနက် ဖော်ပြနေသည်ဟု ကုလယန္တရားက ဆိုထားသည်။
ယခုနောက်ပိုင်း အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ရာ၌ နှစ်ကြိမ်ဆင့် တိုက်ခိုက်မှုများ ပိုအသုံးပြုလာနေ၍ အရပ်သားအများအပြား ထိခိုက်သေဆုံးနေရကာ ပထမအကြိမ် တိုက်ခိုက်မှုအပြီး ဒဏ်ရာရရှိသူများအား အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ရန် ကြိုးပမ်းနေသူများကို ပစ်မှတ်ထားလာနေကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။
“စစ်အုပ်စုက အခုတလော ပြည်သူတွေကို နေ့စဉ်ရက်ဆက် လေကြောင်း ဗုံကြဲနေတာ တွေ့ရပါတယ်။ ဒါက လူ့အခွင့်ရေးချိုးဖောက်မှုတင်မကဘဲ လူမျိုးတုံးသတ်ဖြတ်မှုလို့ ပြောလို့ရပါတယ်။ တစ်ခါ ဗုံးကြဲလို့ရှိရင် ပြည်သူ ၁၀ သေတယ်၊ ၂၀ သေတယ်၊ ၃၀ သေတယ် အဲလိုပုံစံမျိုး လူမျိုးတုံး သတ်ဖြတ်မှုလို့ ပြောလို့ရပါတယ်။ လူ့အခွင့်ရေးချိုးဖောက်မှုအပြင် စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ ပြောလို့ရပါတယ်။ စစ်ရာဇဝတ်မှုကျူးလွန်တဲ့အခါမှာ ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင်လုပ်တယ်လို့ သဘော သက်ရောက်ရင် ဂျနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်တယ်လို့ ပြောလို့ရပါတယ်” ဟု ရခိုင့်လူ့အခွင့်ရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။
အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် သမားရိုးကျ စစ်လေယာဉ်များ မဟုတ်ဘဲ မောင်းသူမဲ့လေယာဉ်များကို အသုံးပြုနေခြင်းကြောင့် အရပ်သားများမှာ ထွက်ပြေးတိမ်းရှောင်ရန် (သို့မဟုတ်) ပုန်းခိုရန် အချိန်သိသိသာသာလျော့နည်းလာဟုလည်း ကုသလ ယန္တရားအစီရင်ခံစာတွင် ပါရှိသည်။
ရခိုင်ပြည်အတွင်း စစ်တပ်၏ လေကြောင်းပစ်ခတ်မှုများသည် အဆိုးရွားဆုံး အခြေအနေမှာရှိနေပြီး နေရာတစ်ခုတည်းက ပစ်မှတ်ထားကာ ဆက်တိုက် တိုက်ခိုက်နေသဖြင့် အရပ်သားများအတွက် လုံခြုံရေးအန္တရာယ် အမြင့်ဆုံးသို့ ရောက်နေသည်။
လက်ရှိ ရခိုင်ပြည်၊ သံတွဲမြို့နယ်တစ်ခုတည်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုမှာ ဆက်တိုက်ဖြစ်နေပြီး ဩဂုတ် ၁၀ ရက်နေ့ ကျောက်ကြီးရွာဗုံးကြဲမှုဖြစ်စဉ်မှာ လူပေါင်း ၂၅ ဦးထိ အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရရှိခဲ့သည်။
အာဏာသိမ်းစစ်တပ်က ကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာ၏ စုံစမ်း စစ်ဆေးအရေးယူမှုလုပ်ဆောင်နေခြင်းဆိုသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။
“စစ်အစိုးရက ပြည်သူတွေကို အကြမ်းဖက်တာ၊ လူ့အခွင့်ရေး ချိုးဖောက်တာတွေ အများကြီးပါပဲ။ ဒါပေမဲ့ ဒီအပေါ်မှာ နိုင်ငံတကာက လက်ပိုက်ကြည့်နေတဲ့ အပိုင်းတွေမြင်ရာတော့ တော်တော်လည်း စိတ်မကောင်းဖြစ်တယ်။ ဒီအခြေနေမှာ နိုင်ငံတကာကိုလည်း ကျနော်တို့ မေးခွန်းထုတ်ဖို့ လိုလာပြီ။ တရားမျှတရေးတို့၊ လူ့အခွင့်ရေးတော့၊ ပြည်သူတွေကို အကာကွယ်ပေးတာတွေနဲ့ ပတ်သတ်ပြီးတော့ နိုင်ငံတကာက လက်ပိုက်ကြည့်နေတဲ့ အနေထားမှာ မေးခွန်းထုတ်စရာဖြစ်လာပြီ” ဟု လူမှုကူညီရေးလုပ်ငန်းဆောင်ရွက်နေသူ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
၂၀၂၄ ခုနှစ်မှစ၍ ရခိုင်ပြည်အတွင်း အာဏာသိမ်းက စစ်တပ်ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေပြီး အဆိုပါကာလအတွင်း ရခိုင်ပြည်ရှိ ပဋိပက္ခများမှာ သိသိသာသာ မြင့်တက်လာ ကြောင်း ကုလစုံစမ်းစစ်ဆေးမှုယန္တရားက ဆိုသည်။
တဆက်တည်းမှာ ရခိုင်ပြည်တွင် လက်နက်ကိုင်ပဋိပက္ခဒဏ်သင့် မွတ်ဆလင်များ၊ ရခိုင်နှင့် အခြားအသိုင်းအဝိုင်းများအပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများနှင့်ပတ်သက်၍ အရေးကြီးသည့် မျက်မြင်သက်သေ အထောက်အများကိုပါ စုဆောင်းနေကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားသည်။
DMG