ယခုနှစ် ရခိုင်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ၁၀ ဦးအထက် အစုအပြုံလိုက် ထိခိုက်သေဆုံးမှု ၁၁ ခုထိ ရှိလာ

By MPM 13 ဩဂုတ်, 2026 👁 126

အာဏာသိမ်းစစ်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့တွင် ယခုနှစ်အတွင်း အရပ်သား ၁၀ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှု ၁၁ ခုထိ ရှိလာနေကြောင်း DMG မှ စာရင်းပြုစုထားချက်အရ သိရသည်။

ထိုဗုံးကြဲမှုဖြစ်စဉ်များအတွင်း အရပ်သား သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃၉ ဦး စုစုပေါင်း ထိခိုက်သေဆုံးသူ ၂၂၅ ဦးထိ ရှိခဲ့သည်။

ယင်းဖြစ်စဉ်များမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက် (ကျောက်တော်မြို့နယ်၊ ချောင်းတူအကျဉ်း ထောင် ဗုံးကြဲမှု)၊ ဖေဖော်ဝါရီ ၁၂ ရက် (ကျောက်တော်မြို့ပေါ် ဗုံးကြဲမှု)၊ ဖေဖော်ဝါရီ ၂၄ ရက် (ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဗုံးကြဲမှု)၊ ဧပြီ ၁၉ ရက် (မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာ ဗုံးကြဲမှု)၊ မေလ ၂၈ ရက် (ရမ်းဗြဲ ပိန္နဲတောင်ဗုံးကြဲမှု)နှင့် ဇွန် ၁၅ ရက် (ဂွမြို့နယ်၊ ရမ္မာကျွန်း ဗုံကြဲမှု)၊ ဇွန် ၁၇ ရက် (ကျောက်တော်မြို့ဗုံးကြဲမှု) တို့ ဖြစ်သည်။

ယင်းအပြင် ဇူလိုင် ၁၉ ရက် (မအီမြို့ဗုံးကြဲမှု) ၊ ဇူလိုင် ၂၃ နှင့် ၂၄ ရက် (သံတွဲမြို့ ဗုံးကြဲမှု)၊ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဩဂုတ် ၁၀ ရက် (သံတွဲမြို့နယ်၊ ကျောက်ကြီးရွာဗုံးကြဲခံရမှု)အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့ ဗုံးကြဲခံရမှုဖြစ်စဉ်များ ပါဝင်သည်။

စာရေးဆရာ ဝေဟင်အောင်က “ရက် ၁၀၀ စီမံကိန်း နောက်ပိုင်းကစပြီးတော့ ရွေးတုအစိုးရက ရခိုင်ပြည်ဘက်ကို လေယာဉ်နဲ့ နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်တာတွေ ရှိပါတယ်။ ရွေးတုအစိုးရရဲ့ သဘော သဘာဝကတော့ သူရဲ့ ပင်ကိုစိတ်ကနေ အကြမ်းဖက်သမား ဗီဇရှိတယ်။ အကြမ်းဖက်သမား ဗီဇစိတ်ရှိတဲ့အတွက် သူတို့က (စစ်အုပ်စု) စစ်မနိုင်တဲ့အချိန်မှာ ဖြစ်ဖြစ် ငြိမ်းချမ်းရေး စားပွဲဝိုင်းခေါ်တဲ့ဟာကို ဖြစ်ဖြစ် သူတို့ အလုပ်ဖြစ်အောင် ပြည်သူတွေကို ရက်စက်ပြတယ်၊ သတ်ပြတယ်၊ ကြမ်းကြုပ်ပြတဲ့ ပုံစံမျိုးရှိတယ်” ဟု ပြောသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုများထဲမှ ပုဏ္ဏားကျွန်း၊ ယိုးငူဖြစ်စဉ်၊ ကျောက်တော်၊ ချောင်းတူးအကျဉ်းထောင်ဖြစ်စဉ်၊ ကျောက်တော်မြို့ ဗုံးကြဲမှုဖြစ်စဉ်နှင့် ယခုလအတွင်း ဖြစ်ပွားခဲ့သည့် သံတွဲ၊ ကျောက်ကြီးရွာဗုံးကြဲခံရမှုတို့မှာ ထိခိုက်သေဆုံးမှုအများဆုံးနှင့် အထင်ရှားဆုံးဖြစ်စဉ်များဖြစ်ခဲ့သည်။

ထိုဗုံးကြဲခံရမှုဖြစ်စဉ် ၄ ခုအတွင်းမှာပင် အရပ်သားထိခိုက်သေဆုံးသူ ၁၃၈ ဦးအထိ ရှိခဲ့သည်။

စစ်ရေးရှုံးနိမ့်နေသော အာဏာသိမ်းစစ်တပ်သည် ရခိုင်ကို လေကြောင်းပစ်မှတ်အဖြစ် အဓိကထားကာ ပြည်သူများအပေါ် အကြမ်းဖက်မှုများ လုပ်နေခြင်းဟု စစ်ရေးအကဲခတ်သူတို့က ရှုမြင်ကြသည်။

“အဆိုးရွားဆုံးနဲ့ အရက်စက်ဆုံး အချိန်လို့‌ပြောရမယ်။ ရဲဝင်းဦး လက်ထက်မှာ ရခိုင်ကိုပဲ လေယာဉ် အုပ်ဖွဲ့ပြီး လေကြောင်း တိုက်ခိုက်နေပါတယ်။ ဒါပေမယ့် လေကြောင်းအကြမ်းဖက်မှုတွေကို AA က တုန့်ပြန်နိုင်ခြင်း မရှိပါ။ အဲဒါကို အခွင့်ကောင်းယူပြီး ရက်ရက်စက်စက် လုပ်လာပါတယ်။ ဒေသတွင်း နိုင်ငံတွေ၊ နိုင်ငံတကာတွေ (No Fly Zone) လို့ သတ်မှတ်ရပါမယ်။ မဟုတ်ရင် ရခိုင်ပြည်သူတွေ ဆုံးရှုံးနစ်နာမှုတွေ ဒီထက်ပိုပြီး ဆိုးရွားနိုင်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင် သမ္မတလုပ်ပြီးနောက် ရက် ၁၀၀ စီမံကိန်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များအား ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ပြီး မြေပြင်တွင် ဗုံးကြဲတိုက်ခိုက်မှုများကို အပြင်းအထန်လုပ်ခဲ့သည်။

အထူးသဖြင့် ရခိုင်ဒေသတွင် စစ်တပ်က အရပ်သားနေထိုင်ရာ မြို့/ရွာများကို ပစ်မှတ်ထား တိုက်ခိုက်ကာ AA ကို အပေါ်စီးက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိအားပေးခဲ့သည်။
ထိုသို့ စစ်တပ်၏ အပြင်းအထန်လေကြောင်း တိုက်ခိုက်မှုအောက်မှာ ပြည်သူများ နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေကြရပြီး လက်ရှိတွင်လည်း ဗုံးကြဲမှုများ ရှိနေဆဲဖြစ်သည်။ စစ်တပ် ဗုံးကြဲမှုကြောင့် ရခိုင်ပြည်သူများမှာ အသက်အန္တရာယ်လုံခြုံမှုကင်းမဲ့နေကြရသလို နေ့စဉ် လူမှုဘဝတည်ရေးမှာ စိန်ခေါ်မှုများ ရှိလာနေသည်။

“ရခိုင်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်လာတဲ့အတွက် ဘယ်သွားသွား၊ ဘယ်လာလာ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ မိသားစု ဝမ်းရေး အတွက်ဆိုတော့ စိုးရိမ်မှုတွေ ရှိပေမယ့် အားတင်းကာ ကြုံရင်ကြုံသလို လုပ်ကိုင်စားသောက်နေ ရပါတယ်” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲ စတင်ချိန်မှစ၍ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုမှာ မြင့်တက်နေပြီး တဆက်တည်းမှာ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်များလည်း တိုးလာနေသည်။

DMG စာရင်းအရ တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ယခု ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ လူ ၁၀ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုဖြစ်စဉ် ၂၄ ခုအထိ ရှိလာနေပြီ ဖြစ်သည်။

မြေပြင်စစ်မျက်နှာတွင် စစ်ရေးရှုံးနိမ့်နေသော အာဏာသိမ်းစစ်တပ်သည် လေကြောင်းတိုက်ခိုက် မှုများကို ယခင်ထက်ပို၍ လုပ်လာနေသဖြင့် ပြည်သူများ လေကြောင်းရန်အထူး သတိပြုရန် AA က တိုက်တွန်းထားသည်။

DMG