ခုခံစစ်မှ “မဟာဗျူဟာထိုးစစ်” သို့ ကူးပြောင်းမည့် ရှေ့လုပ်ငန်းစဉ်များ PDF တပ်မှူးကြီးများ ချမှတ်

By MPM 7 ဩဂုတ်, 2026 👁 54

ပြည်သူ့ခုခံတွန်းလှန်စစ်မှသည် “မဟာဗျူဟာထိုးစစ်” သို့ အဆင့်မြှင့်တင် တက်လှမ်းရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးကြီးများ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

ဩဂုတ်လ ၃ ရက်မှ ၆ ရက်နေ့အထိ လေးရက်ကြာ ကျင်းပခဲ့သည့် တပ်မှူးကြီးများ အစည်းအဝေး (၂/၂၀၂၆) တွင် တိုင်းစစ်ဌာန ၁၀ ခု၊ တပ်မ တခုနှင့် စစ်ရုံးချုပ် လက်အောက်ရှိ ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အဆိုပါ ရှေ့လုပ်ငန်းစဉ်များကို အတည်ပြု ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (ဩဂုတ် ၇ ရက်) တွင် သတင်းထုတ်ပြန်သည်။

ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်များတွင် ညီညွတ်ရေးမူ သုံးရပ်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနှင့် ကွပ်ကဲရေးကော်မတီတွင် မဟာဗျူဟာကျကျ ပါဝင်ရေးနှင့် စစ်ဒေသအသီးသီးရှိ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ (EAOs) နှင့် လက်တွဲကာ ထိုးစစ်ဆင်မည့်အစီအစဉ်များ ပါဝင်သည်။

ထို့ပြင် အစည်းအဝေး နောက်ဆုံးနေ့တွင် NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ တက်ရောက်ခဲ့ပြီး PDF တပ်မှူးကြီးများက နိုင်ငံရေးဦးဆောင်မှုနှင့် လမ်းညွှန်မှုများကို ခံယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ယခုကဲ့သို့ “မဟာဗျူဟာထိုးစစ်” အဖြစ် ကူးပြောင်းမည့် ကြေညာချက်နှင့် ပတ်သက်၍ မြေပြင်လက်တွေ့ အခြေအနေများအပေါ် ရှင်းလင်းမှုရရှိရန် NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူထံ မဇ္ဈိမက သီးသန့် ဆက်သွယ်မေးမြန်းထားသော်လည်း ယခုသတင်း ဖော်ပြချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ယခု တပ်မှူးကြီးများ အစည်းအဝေးသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် ပြုလုပ်သည့် အစည်းအဝေးဖြစ်သည်။

လက်ရှိတွင် PDF စစ်ရုံးချုပ်၏ ကွပ်ကဲမှုအောက်၌ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းတောင်-ကယား (ကရင်နီ)၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနှင့် အထူးတိုင်းစစ်ဌာန စသည့် တိုင်းစစ်ဌာန ၁၀ ခုကို ဖွဲ့စည်း၍ တိုက်ပွဲဝင်နေခြင်းဖြစ်သည်။

မဇ္ဈိမ