စစ်အုပ်စု NSPNC ကိုယ်စားလှယ်များနှင့် သီးခြားတွေ့ဆုံခဲ့သည့် CNO/CNDF ဥက္ကဋ္ဌ ရာထူးမှ ရပ်စဲခံရ

By MPM 4 ဩဂုတ်, 2026 👁 87

ချင်းပြည်နယ် ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNO/CNDF) ဥက္ကဋ္ဌသည် စစ်အုပ်စုကိုယ်စားလှယ်များနှင့် သီးခြားတွေ့ဆုံခဲ့သဖြင့် ရာထူးမှ ရပ်စဲခံလိုက်ရကြောင်း သိရသည်။

စစ်အုပ်စုက ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်များနှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် တွေ့ဆုံခဲ့မှုအပေါ် CNO က ဥက္ကဋ္ဌအား ရာထူးမှ ရပ်စဲခဲ့ခြင်းဖြစ်သည်။

“အဖွဲ့အစည်းတခုရဲ့ ပေါ်လစီမူဝါဒတခုလုံးနဲ့ တာဝန်အရှိဆုံး စစ်ဦးစီးချုပ် (Commander – in- Chief) ဟာ ဥက္ကဋ္ဌဖြစ်ပါတယ်၊ အခုတွေဆုံမှုမှာရော တခြားသော မူဝါဒပိုင်းမှာ တာဝန်ခံရတဲ့သူဖြစ်တာကြောင့် သူတဦးကို ကျနော်တို့အဖွဲ့အစည်းက (ရာထူးမှရပ်စဲရန်) ဆောင်ရွက်တာဖြစ်တယ်” ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲတွင် ပါဝင်သူများနှင့် အခြားအသေးစိတ်အခြေအနေများမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စများဖြစ်သဖြင့် ထုတ်ဖော်မပြောလိုကြောင်း ၎င်းကဆိုသည်။

CNO/CNDF သည် လူမျိုးနွယ်စုတစု သို့မဟုတ် လူပုဂ္ဂိုလ်တဦးတယောက်အတွက် ရပ်တည်သည့် အဖွဲ့အစည်းမဟုတ်ဘဲ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ အနာဂတ်တွင်လည်း ချင်းလူမျိုးအားလုံး၏ သဘောတူညီမှု၊ စည်းလုံးညီညွတ်မှုနှင့် ပွင့်လင်းမြင်သာသော ဆွေးနွေးမှုများ မရှိမချင်း တော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆလိုင်းတင်မီထွဋ်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

CNO က ဩဂုတ်လ ၃ ရက် ညပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်အရ တာဝန်ရှိသူအချို့သည် စစ်အုပ်စုကိုယ်စားလှယ်များနှင့် သီးခြားတွေ့ဆုံခဲ့ခြင်းမှာ အဖွဲ့အစည်း၏ ဗဟိုကောင်စီ (CC)၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC)၊ နိုင်ငံရေးဦးဆောင်ကော်မတီ (PSC) နှင့် ကာကွယ်ရေးကောင်စီ (DC) တို့၏ အသိအမှတ်ပြုမှု၊ ဆုံးဖြတ်ချက် သို့မဟုတ် သဘောတူညီချက် တစုံတရာမရှိဘဲ ၎င်းတို့၏ သဘောဆန္ဒအလျောက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဖွဲ့အစည်း၏ တရားဝင်ခွင့်ပြုချက်မရှိသော တွေ့ဆုံမှုနှင့်ပတ်သက်၍ ဖြစ်စဉ်တရပ်လုံးကို စုံစမ်းစစ်ဆေးခဲ့ရာ ဥက္ကဋ္ဌက အဆိုပါတွေ့ဆုံမှုတွင် ၎င်း၌ အဓိကတာဝန်ရှိကြောင်းလက်ခံကာ ရာထူးမှနုတ်ထွက်ရန် တင်ပြခဲ့သဖြင့် ဗဟိုကောင်စီက သဘောတူဆုံးဖြတ်ပြီး ဥက္ကဋ္ဌတာဝန်မှ ရပ်စဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တွေ့ဆုံမှုအတွင်း ပြောဆိုဆွေးနွေးခဲ့သည့် အကြောင်းအရာများသည် CNO ၏ တရားဝင်ရပ်တည်ချက်၊ ဆုံးဖြတ်ချက်နှင့် မူဝါဒများကို ကိုယ်စားမပြုကြောင်း၊ NSPNC ကိုယ်စားလှယ်များနှင့် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သဘောတူညီချက်၊ ကတိကဝတ် သို့မဟုတ် နားလည်မှုတစုံတရာလည်း မရှိခဲ့ကြောင်း ဆိုသည်။

သို့ဖြစ်၍ အဖွဲ့ဝင်ဖြစ်သည့် ချင်းညီနောင်၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ၏ သဘောထားနှင့် စုပေါင်းဆုံးဖြတ်ချက်မပါဘဲ စစ်အုပ်စုနှင့် တဖက်သတ်ဆွေးနွေးခြင်း သို့မဟုတ် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်မည်မဟုတ်ကြောင်း CNO က ထပ်မံအသိပေးထားသည်။

အခြားတဖက်တွင် အဆိုပါဆွေးနွေးမှုသည် ဖလမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖလမ်းလူမျိုးတို့၏ အနာဂတ်ကောင်းမွန်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သဖြင့် ထောက်ခံကြောင်း ဖလမ်းမျိုးနွယ်စောင့်ရှောက်ရေးအသင်းက ဩဂုတ်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖလမ်းမြို့နယ် ပြန်လည်ထူထောင်ရေး၊ ဒေသခံပြည်သူများ မိမိတို့၏ နေအိမ်များသို့ စိတ်အေးချမ်းသာစွာ ပြန်လည်နေထိုင်နိုင်ရေးနှင့် လွတ်လပ်စွာ လုပ်ကိုင်စားသောက်နိုင်ရေးတို့အတွက် CNO နှင့် စစ်အုပ်စု တာဝန်ရှိသူများအကြား ဆွေးနွေးညှိနှိုင်းကာ ငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းဆောင်ရွက်နေခြင်းကို သဘောတူထောက်ခံကြောင်း အဆိုပါအသင်းက ဖော်ပြထားသည်။

CNO/CNDF ကလည်း ပြည်သူလူထု၏ ယုံကြည်မှု၊ တော်လှန်ရေး၏ မူလရည်မှန်းချက်များဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့်အတူ အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှု၊ ဖွဲ့စည်းပုံ၊ မူဝါဒနှင့် တော်လှန်ရေးအကျိုးစီးပွားများကို ဦးစားပေး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNO/CNDF) ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေး-ကဘော်ဒေသတို့တွင် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်း၍ စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်နေကြောင်း သိရသည်။

မဇ္ဈိမ