မွန်မှာ စစ်မှုထမ်း အပတ်စဉ် ၂၇ အတွက် လူငယ်ရာချီ စစ်သားစုဆောင်းခံရပြန်

By MPM 3 ဩဂုတ်, 2026 👁 82

မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ် ဖွင့်လှစ်ဖို့ရှိနေတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၇ သင်တန်းအတွက် လူငယ် ရာနဲ့ချီ အတင်းအဓမ္မ စစ်သားစုဆောင်းခံထားရပါတယ်။

အတင်းအဓမ္မ စစ်သားစုဆောင်းခံထားရတဲ့ လူငယ်တွေကို သြဂုတ် ၁ ရက်နေ့က မော်လမြိုင်မြို့ အမှတ် (၄၆) မောရဝတီ ရေတပ်စခန်းဌာနချုပ်ရှိ စစ်တပ်အသွင်းပြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲ မှတ်တမ်းဓာတ်ပုံတွေအရ စစ်မှုထမ်း အပတ်စဉ် ၂၇ သင်တန်းအတွက် စစ်သားစုဆောင်းခံရတဲ့ လူငယ် အနည်းဆုံး ၂၀၀ ထက်မနည်း ရှိပါတယ်။

စစ်သားစုဆောင်းခံထားရတဲ့ လူငယ်တွေဟာ အတင်းအဓမ္မ ဖမ်းဆီးခံရသူတွေ၊ ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေ၊ ဒေသန္တရအမိန့် ဖောက်ဖျက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူတွေ၊ ပြန်လည်ရောင်းချခံရသူတွေ အများဆုံး ပါဝင်ပါတယ်။

ဒေသတွင်းမှာတော့ လူငယ်တွေကို စစ်မှုထမ်းအတွက် အကြောင်းအမျိုမျိုးပြပြီး ဖမ်းဆီးနေတာကြောင့် လူငယ်အများစု တိမ်းရှောင်မှုတွေရှိနေပြီး လုံခြုံမှုမရှိတော့တဲ့အတွက် နီးစပ်ရာနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်မှုနှုန်း မြင့်တက်နေပါတယ်။

ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ကတော့ နိုင်ငံတော်မှာ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းပကားနဲ့ လုံခြုံရေးစွမ်းပကား ရရှိစေဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေ ဆက်လက်ကျင့်သုံးမယ်လို့ သူ့အစိုးရရဲ့ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၇ အထိ ဒေသတွင်းရှိ လူငယ် ၅၆၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။

သံလွင်တိုင်းမ်