မြိုင်မြို့နယ်တွင် စစ်အုပ်စုက ၆ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ရာနှင့်ချီ ပြုလုပ်

By MPM 30 ဇူလိုင်, 2026 👁 68

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့မှ ယနေ့ (ဇူလိုင် ၂၉) မွန်းလွဲပိုင်းအထိ ခြောက်ရက်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁၄၀ ကျော် ပြုလုပ်ထားကြောင်း We Love Myaing အဖွဲ့က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ်၊ ၂၅ ရက်နေ့တွင် ခြောက်ကြိမ်ထက်မနည်း၊ ၂၆ ရက်နေ့တွင် ၁၀ ကြိမ်ခန့်၊ ၂၇ ရက်နေ့တွင် အကြိမ်ရေ ၇၀ ကျော်၊ ၂၈ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀ ကျော်နှင့် ၂၉ ရက်နေ့တွင် ၂၀ ခန့် ပြုလုပ်ထားကြောင်း ဖော်ပြသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေများနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

သို့သော် ဇူလိုင် ၂၄ ရက်နေ့ ညနေပိုင်းက မြိုင်မြို့နယ် အနောက်မြောက်ဘက်ပိုင်း နှမ်းစားကျင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင်မူ ဒေသခံတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း We Love Myaing အဖွဲ့က ဆိုထားသည်။

“ဒီနားတွေမှာ တိုက်ပွဲကတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတော့ တိုက်ပွဲဖြစ်တာတွေကြားတယ်။ ဒီနောက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တာတွေ မကြားဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ မနေ့ညကလို့ ပြောရမယ်ဗျ။ ဂျက်ဖိုက်တာခြောက်စီး၊ Y 12 နှစ်စီးနဲ့ တညလုံးပါပဲ။ တညလုံးတိုက်နေတာ တွေ့ခဲ့တယ်။ ဘာလို့ အရှိန်မြှင့်နေလဲဆို သူတို့သွားချင်တဲ့လမ်းကြောင်း ဆက်သွားချင်လို့ ဖြစ်လိမ့်မယ်ထင်တယ်။ သင်းမနားမှာလည်း သူတို့ရောက်နေတာကြာပြီ။ တိုက်ပွဲဖြစ်တာလည်း အစောပိုင်းက ရှိတယ်။ သူတို့ဘက်က အကျအဆုံး အများကြီးရှိတယ်လို့လည်း ကျွန်တော်တို့ ကြားသိရတယ်” ဟု အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်မှ တာဝန်ရှိသူတဦးကလည်း ဇူလိုင် ၂၉ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။

မြိုင်မြို့နယ်အလယ်ပိုင်း သင်းမရွာနှင့် ဂျူတ်ကုန်းရွာဘက်များကို ဖြန့်ကြက်နေရာယူထားသည့် စစ်အုပ်စုစစ်ကြောင်းသည် လက်ရှိ ရွေ့လျားမှုမရှိသေးဘဲ ငြိမ်နေကြောင်း၊ ဇူလိုင် ၂၉ ရက် နေ့လယ်ပိုင်းတွင် ထောက်ပို့လေယာဉ်ဖြင့် ကျည်၊ ခဲယမ်းများ ချပေးဖြည့်တင်းနေကြောင်းလည်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်က ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ကြောင်းနှင့် အနီးဆုံး ငါးမိုင်ပတ်လည်လောက်မှ ပြည်သူများအနေဖြင့်လည်း အထူးသတိထားနေကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

လက်ရှိ စစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာဘက်မှ မြိုင်မြို့နယ်ဘက်သို့ ရွေ့လာသည့် စစ်အုပ်စု စစ်ကြောင်းဖြစ်သည်။

စစ်ကြောင်းထိုးနေသည့်ကာလအတွင်း မြိုင်မြို့နယ်ရှိ သင်းမ၊ ကန်နက်၊ လက်ခုတ်ပင်၊ ညောင်ကုန်း၊ ကိုင်းတောမနှင့် ထန်းငယ်တော စသည့်ကျေးရွာများ မီးရှို့ခံခဲ့ရပြီး နှစ်လအတွင်း ပေါက်နှင့် မြိုင်မြို့နယ်တို့မှ ဒေသခံ ၂၄ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်းလည်း သိရသည်။

မဇ္ဈိမ