အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ဖဒူချေကျေးရွာက သက်ငယ်မုဒိမ်းမှုမှာ ကျူးလွန်သူကို ယနေ့တိုင် မဖမ်းနိုင်သေး၍ ဒီလပ်အဖွဲ့၏ လုပ်ဆောင်ချက်အပေါ် မိသားစုဝင်များက အားမလိုအားမရ ဖြစ်နေကြသည်။
မုဒိမ်းမှုကျူးလွန်ခဲ့သူ အသက် (၄၅) နှစ်အရွယ် ဦးထွန်းအောင်ချေဆိုသူမှာ အမှတ် (၄) နယ်မြေရဲစခန်း၌ ဖမ်းဆီးထားရကနေ ပြန်လည်လွှတ်မြောက်သွားခြင်းဖြစ်ပြီး ယနေ့တိုင် ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။
လက်ရှိ ကျူးလွန်သူ လွတ်မြောက်နေသည်မှ ၅ လကျော်ကြာမြင့်လာပြီဖြစ်ကာ ဖမ်းဆီးပေးရန် အကြိမ်ကြိမ် သွားရောက်တောင်းဆိုသော်လည်း အမှတ် (၄) နယ်မြေရဲစခန်းက ပေါ့ပေါ့ဆဆလုပ်နေကြောင်း နစ်နာသူမိသားစုဝင်က ပြောသည်။
“မနေ့ (ဇူလိုင် ၂၀) ကလည်း တရားသူကြီးရုံး (မင်းပြားခရိုင်တရားရုံး) ကိုသွားတယ်။ သူတို့က ဒီအမှုကို DLEPS ရုံးက လက်မှတ်မချပေးရင် တရားစွဲလို့ မရဘူး၊ အမှုရင်ဆိုင်လို့ မရဘူးဆိုတဲ့ ပုံစံမျိုးပြောလိုက်လို့ မင်းပြားခရိုင် DLEPS ရုံးကို သွားတယ်။ အဲမှာလည်း အမှုက ရုံးကို ရောက်လို့ မရှိသေးဘူးလို့ ပြောတယ်။ အမှုက စဖြစ်ကတည်းကနေ အခုထက်ထိ အမှတ် (၄) နယ်မြေရဲစခန်းမှာပဲ ရှိသေးတယ်” ဟု နစ်နာသူမိန်းကလေးငယ်၏ မိခင် ဒေါ်ဦးသန်းနုက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ ညနေ ၄ နာရီကျော်တွင် ပေါက်တောမြို့နယ်၊ ဖဒူချေကျေးရွာမှ အသက် (၈) နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် (၄၅) နှစ်အရွယ် ဦးထွန်းအောင်ချေဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။
ယင်းနောက် ကျူးလွန်သူကို ပြစ်မှုဖြစ်ပွားပြီး နောက်တစ်နေ့တွင် ဖမ်းဆီးနိုင်ခဲ့သော်လည်း ဒီလပ်အဖွဲ့၏ ပေါ့ဆမှုကြောင့် လွတ်မြောက်သွားသည်ကာ ယနေ့တိုင် မဖမ်းနိုင်သေးခြင်းဖြစ်သည်။
ကျူးလွန်သူကို အရေးယူနိုင်ရေးအတွက် နစ်နာသူ မိန်းကလေးငယ်နှင့် ပေါက်တောမြို့နယ်၊ ကျောက်တောင်တိုက်နယ်သို့ သွားရောက်ပြီး တိုက်နယ်ဆရာဝန်ထံမှ ဆေးစစ်ချက်ရယူကာ အမှတ် (၄) နယ်မြေရဲစခန်းသို့ အပ်ခဲ့ကြောင်း မိသားစုဝင်က ပြောသည်။
သို့သော် ယနေ့ထိ ကျူးလွန်သူမှာ လွတ်မြောက်နေဆဲဖြစ်သလို အဆိုပါအမှုမှာလည်း အမှတ် (၄) နယ်မြေရဲစခန်း၌သာ ရှိနေသေးကြောင်း မိသားစုဝင်ထံမှ သိရသည်။
“တရားခံကို လွတ်သွားတာကြောင့် ရှာပေးရမှာက သူတို့ (ဒီလပ်) တာဝန်လေ။ နောက်ပြီး တာဝန် ပေါ့ဆမှုကြောင့် လွတ်သွားတာဆိုတော့ တာဝန်ရှိသူတွေကိုလည်း အပြစ်ဒဏ် ပေးစေချင်တယ်။ ဒီအမှုက သက်ငယ်မုဒိမ်းမှုလေ။ ဒီတိုင်း အမှုက ကြာလာပေမယ့် ဘာမှ သေသေချာချာ မလုပ်ပေးနိုင်သေးဘူး။ ပေါ့ပေါ့ဆဆနဲ့ လုပ်နေကြတယ်။ ကြာရင်အမှုက ပျောက်သွားနိုင်တယ်” ဟု နစ်နာသူမိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။
ပေါက်တော သက်ငယ်မုဒိမ်းမှုတွင် လွတ်မြောက်နေသည့် ကျူးလွန်သူကို အမြန်ဆုံးပြန်ဖမ်းပေးရန်နှင့် ထိထိရောက်ရောက် အရေးယူပေးရန် မိသားစုဝင်များက တောင်းဆိုထားကြသည်။
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသအတွင်း သက်ငယ်မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အနည်းဆုံး ၁၆ ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး တရားခံလွတ်မြောက်နေဆဲအမှုမှာ ၅ ခုအထိရှိနေသည်။
ထိုသို့ သက်ငယ်မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ တရားဥပဒေအရ ကိုယ်တွင်နေမှုအပေါ် ဒေသခံများက မေးခွန်းထုတ်နေကြသည်။
DMG