စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တောင်ခြမ်းရှိ ချောင်းမကျေးရွာတွင် စစ်အုပ်စုတပ်က အထိုင်ချတပ်စွဲကာ လှည့်လည်စစ်ကြောင်းထိုးနေခြင်းကြောင့် NUG ပညာရေး စာသင်ကျောင်း ၂၀ ခန့်ကို ယာယီပိတ်ထားရကြောင်း ကျောင်းတာဝန်ခံများထံမှ သိရသည်။
စစ်အုပ်စု စစ်ကြောင်းသည် မေလ ၂ ရက်က စ၍ ကနီမြို့နယ်တွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်၍ ယင်းအချိန်မှစ၍ စာသင်ကြောင်းများ ပိတ်ထားခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင် စာသင်ကျောင်းများ ယာယီပိတ်ထားရသည်မှာ တလကျော်ကြာမြင့်လာပြီဖြစ်ပြီး အချို့သောစာသင်ကြောင်းများမှာ ယခု စာသင်နှစ်အတွင်း ဖွင့်လှစ်ရမှုမရှိသေးကြောင်း သိရသည်။
“ကျောင်းတက်ရမယ့်အချိန် ကျောင်းတွေက ပိတ်ထားရတော့ ကလေးတွေအတွက် စိတ်ပူမိတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ မြို့ကျောင်းတွေမှာ ရွှေ့ပြောင်းထားကြဖို့ စီစဉ်နေကြတယ်။ ဒီလိုမျိုး အချိန်ကြာကျောင်းတွေ ပိတ်ထားရရင်တော့ ကလေးငယ်တွေ ပညာရေးက ပျက်စီးနိုင်တယ်” ဟု ကျောင်းသားမိဘတစ်ဦးက မဇ္ဈိမသို့ ပြောသည်။
ကနီမြို့နယ်တွင် NUG ပညာရေး စာသင်ကျောင်းအရေအတွက် ၁၅၁ ကျောင်းရှိပြီး၊ စစ်ကြောင်းရန်ကြောင့် ပိတ်ထားရသည့် စာသင်ကျောင်း ၂၀ ခန့်မှ ကျောင်းသူ၊ ကျောင်းသားဦးရေ ၅,၀၀၀ ခန့် စာသင်ကြားရေး အခက်တွေ့နေကြောင်း သိရသည်။
“ကျောင်းတွေဖွင့်ဖို့က လွယ်ပေမဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ လုံခြုံရေးကို တာဝန်ယူဖို့ အခက်အခဲရှိတယ်။ လေကြောင်းကိုတော့ ကြိုတင်ပြင်ဆင်မှုတွေနဲ့ အံတုနိုင်ပေမဲ့ မြေပြင်စစ်ကြောင်းထိုးလာရင် ဖြေရှင်းနိုင်တဲ့ အစီအစဉ်တွေ မရှိသေးဘူး။ ဒီအခြေအနေကို ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ ပညာရေးဘုတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရင်တော့ အကောင်းဆုံးဖြစ်နိုင်တယ်” ဟု NUG ပညာရေးကျောင်း တာဝန်ခံဆရာတဦးက ဆိုသည်။
လက်ရှိအချိန်တွင် စစ်ရှောင်ပြည်သူများကို လက်ခံထားသည့် ကျေးရွာများမှ စာသင်ကျောင်းများတွင် လက်ခံသင်ကြားမှုများ လုပ်ဆောင်လျက်ရှိပြီး၊ စစ်ရှောင်နေရာများတွင်လည်း ကျောင်းဖွင့်လှစ်နိုင်ရေး လုပ်ကိုင်ဆောင်ရွက်မှုများ ရှိကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြေပြင်တွင် စာသင်ကျောင်း ၆,၀၀၀ ခန့် ဖွင့်လှစ်ထားပြီး၊ ကျောင်းသား၊ ကျောင်းသူ ၇၀၀,၀၀၀ ကျော်ကို ဆရာ၊ ဆရာမဦးရေ ၆၀,၀၀၀ ကျော်ဖြင့် ပညာသင်ကြားမှုများ လုပ်ဆောင်နေကြောင်း ၂၀၂၄ ပညာသင်နှစ် စာရင်းများအရ သိရသည်။
ကနီမြို့နယ်တွင် စစ်အုပ်စုတပ်က မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းတွင် တပ်စွဲနေခြင်းကြောင့် ချောင်းမ၊ သင့်ဝင်၊ မင်းမ၊ သမင်ခြံ၊ အောင်မင်္ဂလာ စသည့် ကျေးရွာများမှာ စစ်ရှောင်နေရပြီး မိသားစု စားသောက်ရေးနှင့် နေထိုင်ရေး အခက်အခဲများ ရှိနေကြောင်း သိရသည်။
မဇ္ဈိမ