စစ်ဘေးရှောင်အမျိုးသမီးများ၏ ၉၃ ရာခိုင်နှုန်းက မလုံခြုံမှုခံစားနေရကြောင်း အစီရင်ခံစာဖော်ပြ

By MPM 16 ဇူလိုင်, 2026 👁 66

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် တွေ့ဆုံမေးမြန်းခဲ့သည့် စစ်ဘေးရှောင်အမျိုးသမီးများ၏ ၉၃ ရာခိုင်နှုန်းက မလုံခြုံမှုခံစားနေရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အုပ်စုက စစ်ဘေးရှောင်စခန်းများကို တိုက်ခိုက်ကာ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ခြင်းများ ကြောင့်လည်း ဘေးကင်းရာသို့ မရှောင်တိမ်းနိုင်ဖြစ်နေကြကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးရွားလာနေသည့်ကြားမှ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ အမျိုးသမီးများသည် ကာလရှည်ကြာရွှေ့ပြောင်းနေထိုင်ရသည့် စစ်ဘေးရှောင်ဘဝတွင် ကြံ့ကြံ့ခံရှင်သန်နေထိုင်နေရကြောင်းနှင့် ရာဇဝတ်မှုများနှင့် ဥပဒေစိုးမိုးမှု ပိုမိုဆိုးရွားလာခြင်းကြောင့် ကရင်ပြည်နယ်အတွင်း တည်ငြိမ်မှုကို ပိုမိုပျက်ပြားစေကာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်စေပြီး စိုးရိမ်ကြောက်ရွံ့မှုများကို ပိုမိုကြီးထွားစေကြောင်းလည်း ဖော်ပြထားသည်။

စစ်အုပ်စုအား တာဝန်ခံရန်နှင့် မလိုအပ်သော ဒုက္ခဝေဒနာများ ထပ်မံမဖြစ်ပွားစေရန် နိုင်ငံတကာအသိုက်အဝန်းက အရေးတကြီး အရေးယူဆောင်ရွက်ရန် လိုအပ်နေကြောင်းလည်း ဖော်ပြထားသည်။

စာမျက်နှာ ၇၀ ပါရှိသော “ကြောက်ရွံ့မှုများကြားမှ ရုန်းကန်ခြင်း – မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ စစ်ဘေးရှောင်ရခြင်းနှင့် မလုံခြုံမှုဆိုင်ရာ ထပ်ဆင့်စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်နေရသော အမျိုး သမီးများ၏ အတွေ့အကြုံများ” အစီရင်ခံစာနှင့် ယင်းအကြောင်းထုတ်ပြန်ချက်တွင်လည်း စစ်ဘေးရှောင်ရခြင်းကို ဖြစ်ပေါ်စေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို သာမက၊ စစ်ဘေးရှောင်ရသည့် အခြေ အနေများကြောင့် စစ်ဘေးရှောင်ပြည်သူများ အထူးသဖြင့် အမျိုးသမီးများ၏ အခွင့်အရေးဆုံးရှုံးမှုများကို မှတ်တမ်းတင်ထားသည်။

၎င်းတို့သည် အန္တရာယ်ရှိသော နေထိုင်မှုအခြေအနေများနှင့် ကြုံတွေ့နေရပြီး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးခြင်းနှင့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိကြောင်း ဖော်ပြထားသည်။

အမျိုးသမီးများသည် အလုပ်အကိုင်များတွင် ကျား-မ ခွဲခြားဆက်ဆံမှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား-မ အခြေပြုအကြမ်းဖက်မှုများခံရနိုင်ခြေ ပိုများပြားပြီး၊ ယင်း၏အကျိုးဆက်များကို ပိုမိုခံစားကြရလေ့ရှိ သည်။

“ကရင်ပြည်နယ်က ရွာသားတွေက စစ်အာဏာမသိမ်းခင်ကတည်းက စစ်ဘေးရှောင်ရတဲ့ ဒုက္ခနဲ့ အခက်အခဲတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရတာပါ၊ ဒါပေမဲ့ အမျိုးသမီးတွေက ပိုပြီးတော့ အချိုးမညီမျှစွာ ထိခိုက်ခံစားရလေ့ရှိတယ်” ဟု ကရင်လူ့အခွင့်အရေးအဖွဲ့၏ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေး ဒါရိုက်တာ စောအယ်လ်ဘတ်က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

“သူတို့ စစ်ဘေးရှောင်နေရတဲ့ အချိန်မှာတောင် အိမ်မှုကိစ္စအားလုံးကို လုပ်ဆောင်ဖို့နဲ့ သူတို့ရဲ့ စစ်ဘေး ရှောင်လူထုကို ကာကွယ်ဖို့ ခေါင်းဆောင်မှုအခန်းကဏ္ဍကနေ ပါဝင်ဖို့ မျှော်လင့်ခံကြရတယ်။ ဒါ့အပြင် စစ်အုပ်စုစစ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်နဲ့လည်း ပိုပြီး ကြုံတွေ့ရနိုင်ခြေရှိ တယ်။ ဒီလိုအခက်အခဲတွေ ရှိနေပေမဲ့လည်း ကျွန်တော်တို့ရဲ့ သုတေသနအရ အမျိုးသမီးတွေက ဒီအခက်အခဲတွေကို ကျော်လွှားဖို့ ထူးခြားတဲ့ ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ကြပြီး စစ်အာဏာ ရှင်ကို တော်လှန်ရာမှာလည်း အဓိက အစိတ်အပိုင်းအနေနဲ့ ပါဝင်နေကြတာကို တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်ဦးရေအလွန်များပြားလာခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် စစ်ဘေးရှောင် ၁ ဒသမ ၂ သန်းကျော်ရှိကြောင်း ပြည်တွင်းနေရပ် စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ (CIDKP) က ဖော်ပြထားသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့မှ မေးမြန်းခဲ့သူ အများစုက ဘေးကင်းသော ခိုလှုံရာနေရာများရရှိရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ အများစုမှာ တောတောင် (သို့မဟုတ်) ဂူများထဲတွင် အမိုးအကာမရှိဘဲ မြေကြီးပေါ်တွင် အိပ်စက်နေကြရကြောင်း ပြောကြားခဲ့သည်။

ရွာသားများသည် လတ်တလော အကြမ်းဖက်မှုများ ပြီးဆုံးသွားပါက ၎င်းတို့၏ နေအိမ်များသို့ ပြန်ရန် ကြိုးပမ်းလေ့ရှိသော်လည်း မြန်မာစစ်တပ်က ၎င်းတို့၏ ကျေးရွာများကို လုယက်ဖျက်ဆီးကာ မီးရှို့ဖျက် ဆီးသွားခဲ့သဖြင့် ရိက္ခာ၊ ကိုယ်ပိုင်ပစ္စည်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ မရှိတော့ဘဲ အချိန်အကန့်အသတ်မရှိ စစ်ဘေးရှောင်ဘဝသို့ ရောက်ရှိသွားကြရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကရင်လူ့အခွင့်အရေးအဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်သော ခရိုင်ခုနစ်ခုရှိ စစ်ဘေးရှောင်ပြည်သူ ၅၁ ဦး (အမျိုးသမီး ၄၄ ဦးနှင့် အမျိုးသား ခုနစ်ဦး) ကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

၂၀၂၆ ခုနှစ် မေလတွင် နယ်စပ်ဖြတ်ကျော် ကူညီကယ်ဆယ်ရေး ပံ့ပိုးပေးနေသည့် လူထုအခြေပြု အဖွဲ့ အစည်း သုံးခုကိုလည်း မေးမြန်းခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင်နေထိုင်သော လူထုအဖွဲ့ဝင်များက ကရင်လူ့အခွင့်အရေးအဖွဲ့သို့ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွင်း ပေးပို့လာသော ကွင်းဆင်းအစီရင်ခံစာ ၃၇ စောင်၏ ခွဲခြမ်းစိတ်ဖြာချက်များကိုလည်း ယခုအစီရင်ခံစာတွင် အခြေခံထားသည်။

မြေမြှုပ်မိုင်းများနှင့် စစ်ကျန်ဗုံးသီးမပေါက်ကွဲသေးသည့် အရာများကြောင့် ခရီးသွားလာခြင်းသည် အန္တရာယ်ရှိလာပြီး၊ ရာဇဝတ်မှုများ ပိုမိုများပြားလာခြင်းကြောင့် ခရီးသွားများ၊ အထူးသဖြင့် အမျိုးသမီးများသည် လုယက်မှု၊ ပြန်ပေးဆွဲမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့မှ မေးမြန်းခဲ့သည့် အမျိုးသမီးများက အလုပ်ရှာဖွေရာတွင် ခွဲခြားဆက်ဆံမှုများကို ကြုံတွေ့ရကြောင်း၊ အလုပ်ရှင်အများစုမှာ အမျိုးသားများကိုသာ ငှားရမ်းလိုကြပြီး အမျိုးသမီး များကို ငှားရမ်းသည့်အခါတွင်လည်း လုပ်ခလစာ ပိုမိုနည်းပါးစွာ ပေးလေ့ရှိကြောင်း ဖော်ပြခဲ့သည်။

ယခုအစီရင်ခံစာသည် စစ်အုပ်စုက ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် အစုလိုက်အပြုံလိုက် စစ်ဘေးရှောင်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေကြောင်းလည်း ဖော်ပြခဲ့သည်။

မဇ္ဈိမ