စစ်အုပ်စုက မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်၊ ကျေးရွာတချို့ တိမ်းရှောင်နေရ

By MPM 16 ဇူလိုင်, 2026 👁 53

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို စစ်အုပ်စုက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၃ ရွာက ထပ်မံတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ (၁၃) ရက်နေ့က မိုးဗြဲမြို့အ‌နောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်နဲ့ ရွာခံတွေရှိတဲ့ ကျေးရွာဖက်ကို လက်နက်ကြီးအပြင် ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး လက်နက်ကြီးအစ ထိမှန်ခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

“ဒီမှာသုံးလုံးကျတယ်။ ဟိုးရှေ့မှာ တစ်လုံးကလူထိသွားတယ်။ အမျိုးသမီး ကိုယ်ဝန်ဆောင်။ နဖူးကို ရှပ်ထိတယ်လို့ပြောတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ယခုရက်ပိုင်း မိုးဗြဲမြို့အတွင်းအခြေစိုက်တဲ့ စစ်အုပ်စုတပ်က ကျေးရွာတွေဖက်ကို ဒရုန်းနဲ့ နေ့စဉ် ကင်းထောက်နေတယ်လို့ ပြောပါတယ်။

ကျေးရွာနဲ့ အနီးအနားဖက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာ၊ ဒရုန်းနဲ့ကင်းထောက်တာတွေကြောင့် လုံခြုံမယ်လို့ယူဆရတဲ့ နေရာတွေကို ထပ်မံ ရွေ့ပြောင်းနေရတယ်လို့ အဆိုပါ ဒေသခံအမျိုးသားတဦးက ဆက်ပြောပါတယ်။

“ရွေ့ရမယ်။ မနေရဲဘူးလေ ဒီမှာကျပြီဆို သူထပ်လာမှာပဲ (လက်နက်ကြီး)။ လေယာဥ်လဲဝဲတယ်။ ဒရုန်းလဲ ဝဲတယ်။ ရက်တိုင်းဝဲတယ်” လို့ သူက ဆိုပါတယ်။

မိုးဗြဲမြို့အနီးမှာ နှစ်ဖက်ပစ်ခတ်သံတွေကို ကြားနေရသလို စစ်အုပ်စုရဲ့ စစ်ကြောင်းနီးကပ်လာတဲ့သတင်းတွေကြောင့်လည်း တခြားနေရာကို ထပ်မံတိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။

နယ်မြေစစ်ရေးအခြေအနေကြောင့် မိုးဗြဲမြို့အနောက်ဘက်ခြမ်းက လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေနဲ့ ခေါင်းစံလမ်းကို လုံခြုံရေးအရ မသွားလာဖို့ မိုးဗြဲ PDF ကနေ ဇွန်လ ၃၀ ရက်နေ့မှာ အသိပေးထားပါတယ်။

ကန္တာရဝတီတိုင်း (မ်)