လူဦးရေ နှစ်ထောင်နီးပါးရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျန်တလင်း စစ်ဘေးရှောင်စခန်းတွင် ရေရှားပါးမှုဒဏ်ကို ခံစားနေကြရပြီး ချက်ပြုတ်စားသောက်ရေးအတွက်ပင် အခက်အခဲ ဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
စစ်ဘေးရှောင်များ အသုံးပြုနေသည့် စခန်းအနီးက တူးဖော်ထားသော ရေတွင်းများမှာ ဒီဇင်ဘာလကုန်ပိုင်းမှစ၍ ရေခန်းခြောက်လာနေသဖြင့် နေ့စဉ်သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
“အခုဆိုရင် သုံးရေ ကန်တွေကို ပိတ်ထားကြပြီ။ မနှစ်ကတူးပေးတဲ့ ကန်တစ်ကန်ရှိတယ်။ အဲဒါတွေကို အခု ပိတ်ထားကြတယ်။ ဒါကြောင့် တွင်းငယ်တွေတူးပြီး သုံးနေရတယ်” ဟု ကျန်တလင်း စစ်ဘေးရှောင်စခန်းမှ ဦးမောင်သိန်းထွန်းက ပြောသည်။
လက်ရှိ ကျန်တလင်းက စစ်ဘေးရှောင်များမှာ သုံးရေကို လက်ယက်တွင်းများ တူးဖော်သုံးနေကြပြီး သောက်ရေကို စခန်းနှင့် ခြေလျင် နာရီဝက်သွားရသည့် တောင်နားကျေးရွာမှ အကန့်အသတ်ဖြင့် ခပ်ယူသုံးနေကြရသည်။
“ရေခပ်မယ့် သူရှိရင်တော့ သောက်ရတယ်၊၊ ခပ်ပေးမယ့်သူ မရှိရင်တော့ မသောက်ရတဲ့ အခြေအနေမျိုးပါ။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ၊ ဒီလိုပဲ ဝေမျှပြီး သောက်နေရတာပါပဲ” ဟု ကျန်တလင်း စစ်ဘေးရှောင်စခန်းက အသက် (၅၀) အရွယ် ဒေါ်အေးစိန်ယဉ်က ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့တို့မှ စစ်ဘေးရှောင် ၆၀,၀၀၀ ကျော် ခိုလှုံလျက်ရှိပြီး စစ်ဘေးရှောင်စခန်းတိုင်းလိုလိုတွင် ရေလိုအပ်ချက်မြင့်မားနေသဖြင့် နွေရာသီကာ ရေရှားပါးမှုဆိုးရွားလာမည်ကို စိုးရိမ်နေကြသည်။
DMG