အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာမြို့နယ်များမှ ဒေသခံများမှာ ကျန်းမာရေး၊ ကုန်သွယ်ရေးနှင့် အခြားလူမှုရေးကိစ္စများအတွက် ရခိုင်ပြည် ပြင်ပသို့ သွားလိုပါက ရပ်ကျေး၊ တိုက်နယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ရမှ သွားခွင့်ရရှိကြောင်း ဒေသခံများထံက သိရသည်။
ယခင်က ရခိုင်ပြည်သူများမှာ ရပ်ကျေး၊ မြို့နယ်အုပ် ထောက်ခံစာများမလိုဘဲ လွတ်လပ်စွာသွားလာခွင့်ပြုခဲ့သော်လည်း ယခုအခါ ထောက်ခံစာ အဆင့်ဆင့်ယူပြီးမှ ရခိုင်ပြည် ပြင်ပကို ထွက်ခွာခွင့်ပေးလာခြင်းဖြစ်သည်။
ကျောက်တော်မြို့နယ် ဒေသခံတစ်ဦးက “ အရင်တုန်းကဆို အိန္ဒိယဖက်ကို လွတ်လပ်စွာ သွားလာလို့ရတယ်။ ဘာမှ စစ်ဆေးတာမျိုး မရှိဘူး။ အခုကျတော့ ပထမဆုံး ရပ်ကျေးထောက်ခံချက်လိုတယ်။ အဲဒီမှာ မိသားစုဝင်နှစ်ဦးက အာမခံချက်ပေးမှ အုပ်ချုပ်ရေးမှူးကပေးတာ။ ဒီကနေ တိုက်နယ်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်လိုတယ်။ ဒီလို အဆင့်ဆင့်ပေးပြီးမှ ခရီးသွားလို့ရတာ။ အဓိက စစ်မှုထမ်းပါတဲ့ လူငယ်တွေကို ပိတ်ပင်ဖို့ လုပ်တာပေါ့” ဟု ပြောသည်။
အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ ပြည်သူ့စစ်မှုထမ်းစာရင်းတွင် ပါဝင်သူများသည် ရခိုင်ပြည် ပြင်ပကို ထွက်ပြေးမှုများ မြင့်တက်လာနေသည့်အတွက် အာရက္ခပြည်သူ့အစိုးရက တင်းကျပ်လိုက်ခြင်းဖြစ်ကြောင်း ပြောကြသည်။
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာခြင်းကို ၂၀၂၅ ခုနှစ်ကတည်းက စတင်ကျင့်သုံးနေခြင်းဖြစ်သော်လည်း ယင်းအချိန်က မကွေးတိုင်းဖက်သို့သွားသည့် ကုန်သည်များကိုသာ တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းဖြစ်ပြီး၊ အိန္ဒိယဖက်ကို သွားသည့် ကုန်သည်များကို ယခု ၂၀၂၆ က စတင်တင်းကျပ်လာခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ကုန်သည်တစ်ဦးက “ အရင်ကတော့ မကွေးဖက်သို့သွားတဲ့ ကုန်သည်တွေ ထောက်ခံစာလိုတာ။ အခုနှစ်ကစပြီး အိန္ဒိယဖက်ကိုသွားတဲ့သူတွေကိုပါ မြို့နယ်အဆင့် ထောက်ခံစာပါမှ ထွက်ခွင့်ပြုတယ်။ တချို့ကုန်သည်တွေဆိုရင် မြို့နယ် ထောက်ခံစာမပါလို့ နယ်စပ်ကလာရတဲ့သူတွေလည်း ရှိကြတယ်။ ဆေးကုသဖို့သွားတဲ့သူတွေပါ ရပ်ကျေးနဲ့ မြို့နယ်အဆင့် ထောက်ခံစာတွရမှ သွားခွင့်ရှိတာ” ဟု ပြောသည်။
ထိုသို့ ထောက်ခံစာ အဆင့်ဆင့်ယူနေရသဖြင့် သွားလာရေး ခရီး နှောက်နှေးစေကြောင်းလည်း ဒေသခံများက ပြောကြသည်။
လက်ရှိ ရခိုင်ပြည်တွင် စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များသည် စစ်မှုမထမ်းလိုခြင်းနှင့် ပညာသင်ရန်အတွက် ပြည်မဖက်ကို ထွက်ခွာရန် ကြိုးပမ်းလာနေသူများလည်း ရှိနေသည်။
အာရက္ခတပ်တော်သည် ရခိုင်ပြည်မြို့နယ် ၁၄ ခုနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများ လုပ်နေသည်။
DMG