ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်တွင် ရွေးကောက်ပွဲ မဲရုံလုံခြုံရေး အကြောင်းပြ၍ ကျေးရွာများအတွင်း ဝင်ရောက်နေယူထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်နေ့) တွင် ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့သော်လည်း ပြန်လည်ထွက်ခွာခြင်း မရှိသေးသဖြင့် ဒေသခံတချို့ နေရပ်မပြန်ရဲကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့မှ စတင်ကာ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ပိုင်ကျုံ-လှိုင်းဘွဲလမ်းရှိ ကစို၊ ကမာလင်း၊ ငှက်ပျောတောနှင့် နောင်ခလုံး စသည့် ကျေးရွာများတွင် ထောင်ထားသော မဲပုံးများ၏ လုံခြုံရေးအတွက် အကြောင်းပြပြီး အင်အား ရာနှင့်ချီကာ လာရောက်နေရာယူထားခြင်းဖြစ်သည်။
ထိုသို့ စစ်အုပ်စုများ အင်အားအများအပြား အသုံးပြု၍ ဝင်ရောက်နေထိုင်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်လာနိုင်မည့်အရေးနှင့် ဖမ်းဆီးနှိပ်စက်ခံရမှုများ ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် ဒေသခံအများစုက ယခုလို နေရပ်ပြန်မနေထိုင်ရဲသေးကြခြင်းဖြစ်သည်ဟု သိရသည်။
“စကစတွေက မဲပေးပွဲပြီးသွားရင် ပြန်မယ်လို့ ကြားထားပေမယ့် အခုထိ ရှိနေတုန်းပဲ။ ထွက်သွားတာ မတွေ့သေးဘူး။ လောဆယ် တိမ်းရှောင်နေကြတဲ့သူတွေက မပြန်လာကြသေးတာများတယ်။ အခြေအနေကို နားစွင့်နေကြတာပါ” ဟု ကေအဲန်ယူ ပိုင်ကျုံမြို့နယ်မှူး စောဖလဲ့ဒီးဝါးက ကေအိုင်စီသို့ ပြောသည်။
ပိုင်ကျုံ အပါအဝင် ကျေးရွာ (၃) ရွာထက်မနည်းရှိ တိမ်းရှောင်ထွက်ပြေးကြသော ဒေသခံများသည် ဘေးလွတ်ရာ အသိမိတ်ဆွေ၊ ဆွေမျိုးများရှိရာ ကျေးရွာများတွင် သွားရောက်တိမ်းရှောင်နေထိုင်ကြရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဒေသခံအမျိုးသမီးတစ်ဦးကလည်း “ကျမ အသိတစ်ဖွဲ့ဆို ၉ ရက်နေ့က ရှောင်သွားကြတယ်။ စကစအဖွဲ့က ဆုတ်မယ်လို့တော့ပြောတာပဲလေ။ တချို့ကတော့ သာမညဘက်ရှောင်တယ်ပြောတယ်။ သူများရွာနေလည်း ဘယ်နားသွားနေမလဲ။ စောင့်ကြည့်ရမှာပေါ့ သုံးရက်လေးရက်” ဟု ပြောသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲအတွင်း ပိုင်ကျုံရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၂) အုပ်စုတွင် မဲရုံပေါင်း (၄၉) ရုံ ဖွင့်လှစ်ထားသော်လည်း လာရောက်မဲပေးကြသူ နည်းပါးလျက် ရှိနေကြောင်း ဒေသခံများက ပြောသည်။
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ပိုင်ကျုံမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်သည်။
ထို့အတူ ကရင်နယ်ခြားစောင့်တပ် – BGF မှ အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော် – KNA တပ်ဖွဲ့တို့ အခြေစိုက်လှုပ်ရှားနယ်မြေလည်းဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲအတွက် စစ်အုပ်စုမလှုပ်ရှားနိုင်သောနယ်မြေကျေးရွာ အများစုကိုလည်း KNA တပ်ဖွဲ့များက မဲရုံလုံခြုံရေးယူပေးလျက်ရှိကြောင်း ပိုင်ကျုံဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း ၁ တွင် ကရင်ပြည်နယ်၌ ဖားအံမြို့နယ်၊ သံတောင်ကြီးမြို့နယ်နှင့် မြဝတီမြို့နယ်တို့ ပါဝင်ခဲ့သည်။
ယခု စစ်အုပ်စု၏ ဒုတိယပိုင်း ရွေးကောက်ပွဲ၌ လှိုင်းဘွဲနှင့် ဖာပွန် နှစ်မြို့နယ်တို့ ပါဝင်ခဲ့သည်။
ကေအိုင်စီ