ကျောက်ဖြူမြို့နားထိ တိုက်ပွဲနီးကပ်လာသဖြင့် မြို့လူဦးရေ သုံးပုံနှစ်ပုံခန့် ပြန်လည်စစ်ရှောင်

By MPM 6 ဇန်နဝါရီ, 2026 👁

လက်ရှိ အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တပ်တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲများမှာ ကျောက်ဖြူမြို့နားထိကပ်လာသဖြင့် မြို့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် ပြန်လည်စစ်ရှောင်သွားကြသည်ဟု သတင်းရရှိသည်။

မြို့ခံအမျိုးသမီးတစ်ဦးက “ အရင်ကတည်းက စစ်ရှောင်တာတွေရှိပါတယ်။ ရန်ကုန်ဖက်ကို လေယာဉ်နဲ့ သွားလိုက်၊ လာလိုက်ပေါ့။ အခု ဒီလအတွင်းမှာ သိသိသာသာကို လူတွေသွားကြတာ။ မြို့ပြင်အစွန်အဖျားထိ လက်နက်ကြီးကျည်ကျတာတွေရှိလာတယ်။ လက်နက်ကြီးကျည်ကျရင် မြေတွေပါထိန့်တာတွေပါရှိလာတော့ ကြောက်ကြတာပေါ့။ နယ်ဖက်ကိုရှောင်ဖို့ကလည်း လမ်းတွေပိတ်ထားတယ်လေ။ အခု ရပ်ကွက်တစ်ကွက်မှာ အိမ်ခြေတစ်ထောင်ရှိရင် သုံးရာလောက်ပဲကျန်တယ် ၇၀၀ လောက်က မရှိတော့ဘူး။ ဒါက ရပ်ကွက်အကြီးကိုပြောတာပါ” ဟု ပြောသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစ၍ ကျောက်ဖြူမြို့ပြင်နေရာအနှံ့အပြားတွင် တိုက်ပွဲပိုမိုပြင်းထန်လာပြီး ယခု ဇန်နဝါရီလတွင် မြို့အနီးအနားထိ သေနတ်သံများကို ကျယ်လောင်စွာကြားလာရကာ မြို့အစွန်အဖျားထိပါ လက်နက်ကြီးကျည်ကျရောက်မှုရှိသည်ဟု သိရသည်။

ကျောက်ဖြူမြို့တွင် ပိုက်ဆံချမ်းသာသူအများစုမှာ မြို့ကိုစွန့်ခွာပြီး ရန်ကုန်အပါအဝင် ဗမာပြည်မဘက်ကို စစ်ဘေးရှောင်သွားကြပြီး ကျန်ရှိနေသူများမှာ ငွေကြေးမတတ်နိုင်သူ လက်လုပ်လက်စားများနှင့် အောက်ခြေအစိုးရဝန်ထမ်းများဖြစ်ကြသည်ဟု သူမက ဆက်လက်ပြောဆိုသည်။

မြို့တွင် ကျန်ရှိနေသည့် လက်လုပ်လက်စားများမှာလည်း အလုပ်အကိုင်ရှားပါးမှုကြောင့် စားဝတ်နေရေးကျပ်တည်းလာသဖြင့် တချို့ ဆင်းရဲနွမ်းပါးသူများမှာ အလှူခံပြီး တောင်းရမ်းစားသောက်ရသည့်အနေအထားသို့ ရောက်ရှိလာသည်ဟု မြို့ခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ မြို့ထဲမှာရှိတဲ့လူတွေက တကယ့်အခြေခံလူတန်းစား‌တွေပါဘဲ။ တရက်လုပ်မှ တရက်စားရတာ။ လုံးဝမရှိတဲ့သူဆို အခု တောင်းစားကြတာတွေများလာတယ်။ မရှိတဲ့သူအချင်းချင်းဆိုပေမယ့် မျှဝေစားသောက်ဖို့ကလည်း လူတိုင်း အဆင်မပြေဘူး။ မြင်ရတွေ့ရတာတွေစိတ်မကောင်းဘူး။ ထမင်းရှိရင် ထမင်းကျွေးလိုက်တယ်။ လူတိုင်း အလုပ်မှမရှိကြတာ။ ငါးဖမ်းထွက်ရင်လည်း တွေ့ရင်ဖမ်းတယ် ထောင်ချတယ်။ အများစုက အလုပ်လက်မဲ့။ ဝင်ငွေမရှိကြဘူး” ဟု ပြောသည်။

မြို့ပေါ်တွင် လူဦးရေနည်းပါးလာသည့်အတွက် ‌ကုန်စိမ်းရောင်းသူ၊ မုန့်ရောင်းသူများမှာလည်း ရောင်းမထွက်သည့်အတွက် အရှုံးပေါ်ကြကာ စားဝတ်နေရေး ပိုမိုကျပ်တည်းလာကြောင်း ဒေသခံများကပြောသည်။

စားဝတ်နေရေးကျပ်တည်းမှု အလုပ်ကိုင်ရှားပါးမှုကြောင့် မြို့ပေါ်ရှိ စစ်ရှောင်သွားပြီး လူမနေသည့်အိမ်များမှာလည်း ဖောက်ထွင်းခိုးယူမှုများကြောင့် တချို့နေအိမ်များဆိုလျှင် မြေကွက်သာကျန်တော့ကြောင်း မြို့ခံများကပြောသည်။

ကျောက်ဖြူမြို့တွင် ဒေသခံများ၏ ဝမ်းရေးအတွက် အဓိကလုပ်ကိုင်သည့် ငါးဖမ်းလုပ်ငန်းမှာ အကြမ်းဖက်စစ်တပ်မှကန့်သတ်ပိတ်ပင်ထားပြီး စစ်တပ်နှင့်နီးစပ်သူများသာ ငါးဖမ်းခွင့်ရကြ၍ ကျန်အများစုပြည်သူများမှာ အခက်အခဲဖြစ်နေကြရသည်ဟု သိရသည်။

နိရဉ္စရာ