ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာအပါအဝင် စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့

By MPM 5 ဇန်နဝါရီ, 2026 👁

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေါဖုကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာ (၃) နဲ့ စစ်ရှောင်စခန်း (၂) နေရာမှာ ယခုနှစ်အစောပိုင်းမှာပဲ ရေရှားပါးမှုပြဿနာနဲ့ စတင်ကြုံတွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေထက် ရေရှားပါးမှုပြဿနာကို စောစီးစွာ ကြုံတွေ့နေရပြီး ရေလာရောက်လှူဒါန်းပေးမယ့် အလှူရှင်အဖွဲ့အစည်းတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတခုရဲ့ ကော်မတီဝင်တဦးက အခုလိုပြောပါတယ်။

“ရေက ဒီတနှစ်မှာ တော်တော်လေး အခက်အခဲဖြစ်နေတယ်။ အနောက်ဘက်ခြမ်းတွေ သွားလာဖို့ကလည်း အဆင်မပြေတော့ အလှူရှင်တွေ၊ အထူးသဖြင့် ရေသယ်ပေးမယ့် ကားအလှူရှင် တော်တော်လေး မရှိဘူးဖြစ်နေတယ်။ ကားရှိသော်လည်းပဲ ရေလှူပေးမယ့် အလှူရှင်လေးရှိရင်တော့ ပိုအဆင်ပြေလာလိမ့်မယ်လို့ မျှော်လင့်တယ်” လို့ စစ်ရှောင်ကော်မတီဝင်တဦးက ပြောပါတယ်။

ကျေးရွာအပါအဝင် စစ်ရှောင်စခန်းက လူထုတွေ မှီခိုအားထားရတဲ့ ရေကန်မှာ တရက်ကို တထွာနှုန်းနဲ့ ရေကျဆင်းနေပြီး ရေခမ်းခြောက်တော့မယ့် အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ရေကျဆင်းတာ မြန်ဆန်နေတာကြောင့် ရေစုပ်စက်နဲ့ ရေတင်လို့မရတော့သလို လာမယ့်နွေရာသီမှာတော့ ရေအခက်အခဲစိန်ခေါ်မှုက ယခင်နှစ်တွေထက် ပိုမိုကြီးမားလိမ့်မယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။

စစ်ရှောင်စခန်းရဲ့ အနီးအနားမှာရှိတဲ့ ရေအရင်းအမြစ်ရှိရာနေရာမှာ ရေခမ်းခြောက်နေပြီဖြစ်တာကြောင့် တခြားနေရာတွေမှာ ကား၊ ဆိုင်ကယ်တွေနဲ့ သွားရောက်သယ်ယူနေရတယ်လို့ ဆိုပါတယ်။

ရေသယ်ယူဖို့ ကား၊ ဆိုင်ကယ်မရှိတဲ့ မိသားစုတွေအတွက်တော့ ရေလာရောက်လှူဒါန်းပေးမယ့်သူတွေကို မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်း ၂ နေရာ နဲ့ ကျေးရွာ ၃ ရွာမှာ အိမ်ခြေ စုစုပေါင်း (၃၅၀) ဝန်းကျင် ရှိပါတယ်။

ကန္တာရဝတီတိုင်း (မ်)