မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားနေသည့် ဒေသငါးခုတွင် ၁၉ လတာအတွင်း လိင်အကြမ်းဖက်မှု ၈၈ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ယင်းအနက် ၃၁ မှုမှာ စစ်အုပ်စုနှင့်ဆက်နွယ်သူများက ကျူးလွန်ခဲ့ကြပြီး ၂၈ မှုမှာ တော်လှန်ရေးတပ်ဖွဲ့များက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်သည့် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ အစီရင်ခံစာ၌ ဖော်ပြသည်။
“ တော်လှန်ရေးအင်အားစုမှ ကျူးလွန်သည့် ၂၈ မှုအနက် ၁၇ မှုမှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ကိုးမှုမှာ ၎င်း၏ လက်အောက်ခံမဟုတ်သော ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ကျူးလွန်ခဲ့ခြင်းဖြစ်သည်” ဟု BWU ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
BWU အနေဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ကရင်နီပြည်နယ်တို့တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်ကြား ၁၉ လတာအတွင်း မှတ်တမ်းတင်ကောက်ယူထားခြင်းဖြစ်သည်။
ထိုဒေသများတွင် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ် ၈၈ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ယင်းအနက် ၃၁ မှုမှာ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွယ်သူများက ကျူးလွန်ခဲ့ခြင်းဖြစ်ရာ ထို ၃၁ မှုအနက် ၁၀ မှုမှာ အုပ်စုလိုက် မုဒိမ်းကျင့်မှုများဖြစ်ကြောင်း သိရသည်။
စစ်အုပ်စုနှင့် ပတ်သက်ဆက်နွယ်သူများတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ၊ ပျူစောထီး အဖွဲ့ဝင်များနှင့် စစ်ကော်မရှင်မှ ခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ခေါင်းဆောင်များပါဝင်ကြောင်း BWU က ဆိုသည်။
စစ်အုပ်စုနှင့်ဆက်နွယ်သူများ ကျူးလွန်သည့် လိင်အကြမ်းဖက်မှု ၃၁ မှုအနက် ၂၁ မှုသည် စစ်ကိုင်းနှင့် မကွေးတိုင်းတို့မှဖြစ်ကြောင်း သိရသည်။
အလားတူ တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် နှောင့်ယှက်မှု ၂၈ မှုကို ကျူးလွန်ခဲ့ပြီး အများစုမှာ စစ်ကိုင်းနှင့် မကွေးတိုင်းတို့မှဖြစ်ကြောင်း BWU က ဖော်ပြသည်။
ထို့ပြင် ပဲခူးတိုင်းရှိ ဆင်ထိန်းသိမ်းစေင့်ရှောက်ရေးဌာနမှ CDM တဦး ကျူးလွန်ခဲ့သည့် အုပ်စုလိုက် မုဒိမ်းကျင့်မှု တမှုနှင့် ကရင်နီပြည်နယ်ရှိ ကရင်နီတပ်မတော် KA တပ်ဖွဲ့ဝင်တဦး ကျူးလွန်ခဲ့သည့် မုဒိမ်းမှုတမှုကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း BWU က ဆိုသည်။
လက်နက်ကိုင်များအပြင် အရပ်သားများကလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြပြီး မုဒိမ်းကျင့်မှု၊ မုဒိမ်းကျင့်ရန်ကြိုးပမ်းမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုအပါအဝင် လိင်အကြမ်းဖက်မှုဖြစ်စဉ် ၂၉ မှုကို အရပ်သားများက ကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
လိင်အကြမ်းဖက်မှု ကျူးလွန်သည့် စစ်အုပ်စုနှင့် ပတ်သက်ဆက်နွယ်သူများသည် လုံးဝပြစ်ဒဏ်ကင်းလွန်ခွင့် ရရှိနေပြီး တော်လှန်ရေးဘက်မှ ကျူးလွန်သည့် အမှုများသည်လည်း ဥပဒေကြောင်းအရ အရေးယူခြင်း သို့မဟုတ် တာဝန်ယူတာဝန်ခံမှုမရှိသည့်အပြင် အချို့အမှုများကို မှားယွင်းစွာ ကိုင်တွယ်စီမံမှုကြောင့် ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရန် လုပ်မပေးနိုင်ဘဲ ပျက်ကွက်မှုများစွာရှိနေကြောင်း BWU က ဆိုသည်။
“အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ဖြစ်ပွားသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအများစုကို ပြည်သူ့လုံခြုံရေးတပ်ထံ တိုင်းကြားထားကြသော်လည်း အမှုအနည်းငယ်ကိုသာ စုံစမ်းစစ်ဆေးမှုပြုခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများစွာကို လျော်ကြေးငွေပေးခြင်းဖြင့်သာ ဖြေရှင်းပေးခြင်း (သို့မဟုတ်) စုံစမ်းစစ်ဆေးမှုများ နှောင့်နှေးကြန့်ကြာနေခြင်း စသည့် အခြေအနေများစွာ ဖြစ်ပွားလျက်ရှိပြီး အမှုကျူးလွန်သူများသည်လည်း တာဝန်ယူ တာဝန်ခံခြင်း၊ ဥပဒေအရ အရေးယူခံခြင်းများမရှိဘဲ နောက်ဆုံးတွင် အမှုပိတ်လိုက်သည်ကို တွေ့ရှိရသည်” ဟု အစီရင်ခံစာတွင် ပါရှိသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်နယ်မြေများတွင်ဖြစ်ပွားသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအများစုကို ပြည်သူ့လုံခြုံရေး (ပလဖ) တပ်ဖွဲ့ထံ တိုင်ကြားကြသော်လည်း ထိုအမှုများကို ကိုင်တွယ်ဖြေရှင်းရန် NUG အောက်တွင် ထိရောက်သည့် ဥပဒေနှင့် တာဝန်ယူတာဝန်ခံသည့်ယန္တရား မရှိနေကြောင်းလည်း BUW မှ ထောက်ပြထားသည်။
ထို့ကြောင့် NUG နှင့် တော်လှန်ရေးအဖွဲ့များအနေဖြင့် ဥပဒေနှင့်တရားစီရင်ရေးစနစ် အားကောင်းလာစေရန် အရေးတကြီးလိုအပ်နေချိန်တွင် ထိန်းချုပ်နယ်မြေရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များကို အကာကွယ်ပေးသည့်စနစ်များ အကောင်ထည်ဖော်ဆောင်ရွက်ပေးရန် BWU က တိုက်တွန်းထားသည်။
မဇ္ဈိမ