ကသာမြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုတွေရှိ

By MPM 3 ဇန်နဝါရီ, 2026 👁

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ကသာမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ပတ္တမြားရပ်ကွက်က ဈေးနဲ့ အထက ၂ ကျောင်းက အဆောက်အဦးတချို့ မီးလောင်ပျက်ဆီးမှုတွေရှိနေတယ်လို့ ကသာမြို့ခံတွေက ပြောပါတယ်။

မနေ့က ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ ကသာမြို့နဲ့ ၁၅ မိုင်အကွာ မိုးတာလေးတိုက်နယ်ထဲက ကျေးရွာတစ်ရွာလေကြောင်း တိုက်ခိုက်ခံခဲ့ရပြီး အရပ်သား ၁ ဦးသေဆုံး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ကသာမြို့ကဒေသခံတွေအများစုကတော့ ဘေးလွှတ်ရာတွေကို ရှောင်ကုန်ကြပြီ။ ဘာမှကို သယ်ချိန်မရပါဘူး။ ကသာမြို့က ပတ္တမြားဈေးနဲ့ အထက ၂ ကတော့ မီး‌လောင်တယ်လို့ကြားတယ်” လို့ ကသာမြို့ကနေ ထွက်လာတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နေ့စဥ် ကသာမြို့ပေါ်နဲ့ အနီး၀န်းကျင်ကို လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေပြီး အရပ်သားထိမှန် သေဆုံးမှုတွေလည်းရှိနေပါတယ်။

ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးနေထိုင်ကြတဲ့ဒေသခံတချို့ကတော့ စစ်ကောင်စီတပ်ဟာ မြို့သိမ်းတိုက်ပွဲစဖြစ်တဲ့ ဒီဇင်ဘာ လ ၂၈ ရက်နေ့ကစ ဒီနေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေသေးပြီး လေကြောင်းတိုက်ခိုက်မှုတွေပိုပြီးပြင်းထန်လာ တယ်လို့ပြောပါတယ်။

“ကျမတို့ပတ်ချာလည် လေယာဥ်ဗုံးကြဲလို့ ဒီမနက်ပဲ ဆေးခန်းတွေပြေးနေကြရတယ်။ ပြည်သူတွေထိသွားတယ်။ ၁ ယောက် တော့ဆုံးသွားပြီလို့ကြားတယ်။ ဆေးခန်းသွားကြတုန်း” လို့ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးနေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူဟာ မိုးတားလေးတိုက်နယ် ဟဲနားကျေးရွာနေ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦး ဖြစ်ပြီး လေကြောင်းကနေတိုက်ခိုက်တဲ့ဗုံးအစထိမှန်သေဆုံးခဲ့ရတာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကသာမြို့ရဲ့ မြို့တွင်း၊ မြို့ပြင်တွေအပါအဝင် မြို့နဲ့ ၁၅ မိုင်လောက်အကွာက ကျေးရွာတွေကိုပါလေကြောင်း တိုက်ခိုက်တာတွေလုပ်နေတာဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲစဖြစ်တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေပြီး ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေရှိလာတယ်လို့ ကသာမြို့ကနေထွက်လာနိုင်တဲ့စစ်ဘေးရှောင်တွေကဆိုကြပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ ကသာမြို့ပေါ်အထိဝင်ရောက်လာနိုင်ပြီး တိုက်ပွဲတွေဆက်ဖြစ်နေသလို ကသာမြို့ ခမရ ၃၀၉ တပ်ကိုလည်း ဝိုင်းထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ပြင်းထန်လာတဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ကသာမြို့တွင်းက ‌မြို့ခံအများစု ဘေးလွှတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နိုင်ကြပြီဖြစ်ပေမဲ့ မြို့တွင်း ကျန်ရစ်သူတချို့ရှိနေသေးတယ်လို့ ထွက်ပြေးလာတဲ့ စစ်ရှောင်တွေက ပြောကြပါတယ်။

ကသာမြို့နယ်အခြေနေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ငံတစ်ဝှမ်း မြို့သိမ်းတိုက်ပွဲတွေပြင်းထန်လာချိန်ကစလို့ တော်လှန်ရေးအင်အားစုတွေက ကသာမြို့ပြင်က ကျေးရွာတွေအများစုကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွေအရ ကသာမြို့မှာ မြို့ပေါ်ရပ်ကွက် ၁၀ ခုနဲ့ ကျေးရွာအုပ်စု ၃၂ ခုရှိပြီး လူဦးရေ ၁ သိန်း၆ သောင်း ကျော်ရှိတယ်လို့ သိရပါတယ်။

KNG