စစ်ရေးပြင်းထန်နေတဲ့ ဘီးလင်းမြို့နယ်မှာ အရပ်သားသေဆုံးမှု မြင့်တက်

By MPM 3 ဇန်နဝါရီ, 2026 👁

နှစ်ဖက်စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာတယ်လို့ ဒေသခံတွေအပါအဝင် ကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။

လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပမယ့် ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်စစ်ရေး ပိုမိုပြင်းထန်နေတာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကနေ ဇန်နဝါရီ ၃ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေးငယ် နှစ်ဦး ပါဝင်ပါတယ်။

ဒဏ်ရာရရှိမှုအနေနဲ့ အမျိုးသား၊ အမျိုးသမီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲမှာ အသက်အန္တရာယ်စိုးရိမ်ရသူ နှစ်ဦးလည်း ရှိနေတာဖြစ်ပါတယ်။

အရပ်သား သေဆုံးမှုဟာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အများဆုံး သေဆုံးနေတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ သုံးဦးရှိပါတယ်။

လက်ရှိ နှစ်ဖက်စစ်ရေးပဋိပက္ခ ပြင်းထန်မှုကြောင့် အရပ်သား အများဆုံး သေဆုံးနေတာဟာ ဘီးလင်းမြို့နယ် အလူးလေးနဲ့ အလူးကြီးဒေသတွေဖြစ်ပြီး ဒေသခံအများစုကလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နှစ်ဖက်စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာတာဟာ ရွေးကောက်ပွဲအတွက် အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်လို့ ဘီးလင်းဒေသခံတွေက ဆိုကြပါတယ်။

ကျေးရွာအုပ်စုပေါင်း ၅၀ ရှိတဲ့ ဘီးလင်းမြို့နယ်မှာ ကျေးရွာအုပ်စု ၂၈ အုပ်စုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်အုပ်စုလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

သံလွင်တိုင်းမ်