တစ်နှစ်တာအတွင်း ကော်သူးလေဒေသအတွင်းရှိ စစ်စခန်းပေါင်း ၅၅ ခုအထိ စစ်အုပ်စု လက်လွှတ်ခဲ့ရ

By MPM 11 ဒီဇင်ဘာ, 2025 👁

တစ်နှစ်တာအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ကော်သူးလေဒေသအတွင်းရှိ စစ်စခန်း (၅၅) ခုအထိ အာဏာသိမ်းစစ်အုပ်စုက လက်လွှတ်ဆုံးရှုံးထားရကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူ ပြုကွန်ရက် (KPSN) ၏ အချက်အလက်များအရ သိရသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ တနှစ်တာကာလအတွင်း အာဏာသိမ်းစစ်တပ်က စခန်းစွန့်ခွာခြင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက တိုက် ခိုက်သိမ်းပိုက်ခြင်းတို့ကြောင့် စခန်း ၅၅ ခုကို လက်လွှတ်ရခြင်းဟု ဆိုသည်။

နယ်မြေသတ်မှတ်ချက်များအရ KNU တွင် တပ်မဟာနယ်မြေ ခုနစ်ခုရှိပြီး ပဲခူးတိုင်းအရှေ့ခြမ်းမှ မြို့နယ်အချို့၊ မွန် ပြည်နယ် သထုံခရိုင်အတွင်းရှိ မြို့နယ်များ၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစု ပါဝင်သည်။

KNLA က တနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဆိုသည့် တပ်စခန်းများမှာ KNU တပ်မဟာ (၁) ဒူးသထူး (သထုံခရိုင်) တွင် တခု၊ တပ်မဟာ (၂) တောအူး (တောင်ငူခရိုင်) တွင် တခု၊ တပ်မဟာ (၃) ခလယ်လွီထူ (ညောင်လေးပင်ခရိုင်) တွင် ၁၃ ခု၊ တပ်မဟာ (၄) ဘလိ-ထားဝယ် (ဘိတ်-ထားဝယ်ခရိုင်) တွင် ၁၂ ခု၊ တပ်မဟာ (၅) မူတြော် (ဖာပွန်ခရိုင်) တွင် ရှစ်ခု၊ တပ်မဟာ (၆) ဒူးပလာယာခရိုင်တွင် ၁၁ ခု၊ တပ်မဟာ (၇) ဖားအံ (ဘားအံခရိုင်)တွင် ကိုးခုတို့ ဖြစ်သည်။

သို့ရာတွင် ထိုစခန်းအရေအတွက်များတွင်၂၀၂၅ ခုနှစ် စက်တင်ဘာလမှစ၍ နောက်ပိုင်း KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူထားသည့် စခန်းများနှင့် စစ်ကော်မရှင်တပ်က ပြန်လည်နေရာယူ စိုးမိုးသွားနိုင်သည့် တပ်စခန်းများ မပါဝင်ကြောင်း KPSN ပြောရေးဆိုခွင့်ရှိသူ နော်ချယ်ရီ၏ ပြောကြားချက်အရ သိရသည်။

“သိမ်းထားတဲ့စခန်းတွေ စက်တင်ဘာလ ၂၀၂၅ အထိ နောက်ဆုံးပြုစုပြီး ထုတ်ပြန်ထားတာပါ။ ဒီဖက် အောက်တို ဘာကနေ ဒီဇင်ဘာအထိ KNLA တက်သိမ်း/စကမ ပြန်လည်ရရှိစာရင်းမထည့်တွက်ထားပါ။ ကျမတို့ KPSN က ဩဂုတ်လအပိတ် စာရင်းပြုစုပြီးနောက်ပိုင်း စကမတွေ တချို့နေရာ ပြန်ရကောင်း ပြန် လည်ရရှိတာ ရှိကောင်းရှိပါလိမ့်မယ်။ ဥပမာ-လေးကေကော်၊ စွယ်တော်ကုန်း၊ သက်န်းညီနောင်တွေပေါ့။ ဒါတွေက စက်တင်ဘာ၊ အောက်တို ဘာနောက်ပိုင်းကျမှ ပြန်လည်သိမ်း ပိုက်ထားတာပါ” ဟု နော်ချယ်ရီ က မဇ္ဈိမကို ပြောသည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ၂၀၂၅ ခုနှစ် သြဂုတ်လအထိ လေးနှစ်ကျော်ကာလအတွင်း အာဏာသိမ်းစစ်တပ်၏ တပ်စခန်း စုစုပေါင်း ၁၉၃ ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်ဟု KPSN က ဆိုသည်။

၂၀၂၅ ခုနှစ်တွင် KNU အနေဖြင့် နယ်မြေများ တိုးချဲ့ပြီး စိုးမိုးလာနိုင်ကြောင်း၊ အများအားဖြင့် ထိုင်း-မြန်မာ နယ်စပ်ဒေသများဖြစ်သည့် သောင်ရင်းမြစ်ကမ်းတလျှောက်လုံးနီးပါးနှင့် တနင်္သာရီတိုင်းနယ်စပ် ဒေသများဖြစ်သည်ဟု KPSN က ၎င်းတို့ နောက်ဆုံးထုတ်ပြန်ထားသည့် “အရှေ့ဘက်နယ်စပ်ကို ပြန်လည် သိမ်းပိုက်ခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါဒေသများတွင် နေထိုင်သူများသည်လည်း အာဏာသိမ်းစစ်အုပ်စု၏ အုပ်ချုပ်ရေးလက်အောက်မှ လွတ်မြောက်သွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့ လက်လွှတ်ရသည့် နယ်မြေများလာသည်နှင့်အမျှ တော်လှန်ရေးအဖွဲ့အစည်းများ ခုခံမှုနှင့် စိတ်ဓာတ်ကျဆင်းစေရန်၊ ဒေသခံပြည်သူများအားကြောက်ရွံ့စေရန်ရည်ရွယ်၍ အရပ်သားများအပေါ် ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကိုလည်း မြှင့်တင်လာ၍ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် အရပ်သားများလည်းတိုးလာပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ ကောက်ယူထားသည့်စာရင်းများအရ လူဦးရေ ၁၂ သိန်းကျော်အထိ မြင့်တက်လာကြောင်း KPSN က ဆိုသည်။

မဇ္ဈိမ