ချင်းပြည်တည်ဆောက်ရေးနှင့် ချင်းတမျိုးသားလုံး စည်းလုံးညီညွှတ်ရေးကို ရှေ့ရှုပြီး ညှိနှိုင်းဆောင်ရွက်မှုတွေကို ဆက်လက်ဆောင်ရွက်ရန် နိုင်ငံရေးစိတ်ဆန္ဒ အပြည့်အဝရှိတယ်လို့ ချင်းပြည် (Chinland) ကောင်စီ (CC) က ဒီဇင်ဘာလ ၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
ချင်းတော်လှန်ရေးအင်အားစုတွေအကြား ပေါင်းစည်းညီညွှတ်ရေးအတွက် ကြိုးပမ်းပေးလျက်ရှိတဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းအသီးသီးပေါ်ကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒုတိယအကြိမ် ချင်းပြည် (Chinland) ကောင်စီညီလာခံမှ သဘောထားကို ထုတ်ပြန်ထားပါတယ်။
ချင်းပြည် (Chinland) ကောင်စီ ဒုတိယသက်တမ်းအတွင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေ ပိုမိုကျစ်လျစ်ခိုင်မာရေး နဲ့ ဒုတိယအကြိမ် ချင်းပြည် (Chinland) ကောင်စီတပ်ဖွဲ့ အားကောင်းခိုင်မာရေးအတွက် တပ်အင်အားတည်ဆောက်ရေးတွေကိုလည်း ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်အုပ်စု ကျင်းပမယ့် အတုယောင်ရွေးကောက်ပွဲကိုလည်း ချင်းပြည် (Chinland) ကောင်စီရဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း ဘေးဒုက္ခရောက်နေကြတဲ့ ချင်းပြည်သူလူထုကို အိန္ဒိယနိုင်ငံမှ ပံ့ပိုးကူညီခဲ့တဲ့ပေါ်လည်း ကျေးဇူးတင်ရှိတဲ့အကြောင်းနဲ့ အာဆီယံအထူးကိုယ်စားလှယ်ရုံးက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ခံကြိုဆိုပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကလည်း ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
ဒုတိယအကြိမ် ချင်းပြည် (Chinland) ကောင်စီညီလာခံကို ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး ချင်းပြည် (Chinland) ကောင်စီ အစုအဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေ ပြည်တွင်းပြည်ပ ဧည့်သည်တော်တွေ အပါအဝင် စုစုပေါင်း ၂၀၁ ဦး တက်ရောက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Chin World