မွန်ပြည်နယ် သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံနဲ့ ပေါင်မြို့နယ်တို့မှာ ပိတ်ဆို့ဖမ်းဆီးခဲ့တဲ့ ကျားဖြန့်လုပ်သား ၆၀၀ ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကစလို့ ကရင်ပြည်နယ် မြဝတီမြို့နယ်ကနေပြန်လာတဲ့ ကျားဖြန့်လုပ်ငန်းတွေကို သထုံခရိုင်အတွင်း ဝင်ရောက်နိုင်တဲ့လမ်းပိုင်းတွေမှာ ပိတ်ဆို့ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် ကျားဖြန့်လုပ်ငန်းတွေကို အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ သက်ဆိုင်ရာ ရဲစခန်းနဲ့ မြို့နယ်ရုံးတွေမှာ နှစ်ပတ်နီးပါးအကြာ ထိန်းသိမ်းထားပြီးနောက် အထက်အမိန့်အရ ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးထားတဲ့ ကျားဖြန့်လုပ်သားတွေရဲ့ နေထိုင်စားသောက်ရေးတွေကို ၎င်းတို့က တာဝန်ယူကျွေးမွေးရတာကြောင့် နှစ်ပတ်တာကာလအတွင်း ကုန်ကျစရိတ် အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ကျားဖြန့်လုပ်သားတွေထဲမှာ ဗမာစကား မပြောတတ်သူ အများအပြားပါဝင်ပြီး မိုင်းလား၊ ဝပြည်နယ်အတွင်း နေထိုင်သူတချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ ၎င်းတို့၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ KK Park နဲ့ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်စီးနင်းနေတာကြောင့် မြန်မာအပါအဝင် နိုင်ငံတကာက ကျားဖြန့်လုပ်သား အများအပြား အစုံလိုက်အပြုံလိုက် ထွက်ပြေးနေကြတာပါ။
လက်ရှိမှာလည်း အာဏာသိမ်းစစ်အုပ်စုဟာ BGF ထိန်းချုပ်ထားတဲ့ KK Park နဲ့ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့် အဆောက်အဦးတွေကို ဖြိုချဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
သံလွင်တိုင်းမ်