မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အာဏာသိမ်းစစ်တပ်ထံ ဖမ်းဆီးခံရပြီး စစ်ကြောရေးသို့ ပို့ဆောင်ခံလိုက်ရကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူမှာ အမ်းမြို့နယ်၊ ကျွဲကူးတောင်ရွာမှ မောင်ဝင်းမိုးဇော်၊ မောင်ဖိုးဝနှင့် တောင်ကုတ်မြို့နယ်၊ မအီမြို့မှ အသက် ၂ဝ ကျော်အရွယ် မောင်လပုချေတို့ ဖြစ်သည်။
သူတို့သုံးဦးကို ဒီဇင်ဘာ ၂ ရက်နေ့၊ ညနေ ၅ နာရီခန့်က ရပ်ကွက် (၁) အတွင်း ဆေးသွားဝယ်စဉ် စုံစမ်းစစ်ဆေးရေး စစ်ထောက်လှန်းရေးအဖွဲ့ (စစစ) က လမ်းမှ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မင်းတုန်းဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“ သူတို့က စစ်ရှောင်နေကြတာ။ လမ်းကိုထွက်ပြီး ဆေးသွားဝယ်တုန်း ရခိုင်တွေဆိုပြီး ဖမ်းသွားတာ။ ရခိုင်စကားပြောနေလို့သိတာ။ စသုံးလုံးက ဖမ်းသွားတာ။ တခါတည်း စစ်သားလက်ထဲကိုအပ်ပြီး စစ်ကြောရေးကိုခေါ်သွားတယ်” ဟု ပြောသည်။
ယနေ့အချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသဖြင့် မိသားစုဝင်များက အလွန်အမင်းစိုးရိမ်နေကြရသည်ဟု ဖမ်းဆီးခံရသူများနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။
“ ဒီကလေးတွေက ဘာမှမသိတဲ့သူတွေပါ။ ကြားတာက မင်းတုန်းမြို့ထဲကတပ်ရင်းတွေထဲမှာ ဖမ်းထားတယ်ကြားတယ်။ အဆက်သွယ်မရသေးလို့ မိသားစုတွေ အရမ်းစိတ်ပူနေကြတယ်” ဟု ပြောသည်။
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ယခု ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ နှစ်နှစ်တာကာလအတွင်း အမ်းရိုးကိုကျော်ဖြတ်ပြီး ပြည်မသို့ထွက်ခွာသည့် ရခိုင်အပါအဝင် ချင်းဒေသခံ ဦးရေ ၅၀၀ ထက်မနည်းသည် အာဏာသိမ်းစစ်တပ်ထံ ဖမ်းဆီးခံထားရသည်ဟု အာရက္ခတပ်တော် (AA) နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို အတည်ပြုပြောဆိုသည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် အာဏာသိမ်းစစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ တပ်သားအင်အား များစွာလိုအပ်နေသည့်အတွက် ရခိုင်မှတဆင့် ရိုးလမ်းကိုဖြတ်ကျော်ကြသူများအပါအဝင် ရန်ကုန်နှင့် ပြည်မဖက်ရှိ ရခိုင်မှ လူငယ်/လူလတ် အရွယ်များအား ပစ်မှတ်ထားကာ စစ်သားစုဆောင်းရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရခိုင်- မကွေး၊ ရခိုင်- ပဲခူးနှင့် ရခိုင်-ဧရာဝတီ ရိုးလမ်းတဖက်ခြမ်းတွင် စစ်ရှောင်နေသည့် ရခိုင်အပါအဝင် ချင်းလူမျိုးတချို့သည် အာဏာသိမ်းစစ်တပ်၏ စစ်မှုထမ်းရန် လူစားထိုးရောင်းချခံရမှုများလည်းရှိနေကြောင်း သိရသည်။
နိရဉ္စရာ