အင်ဒိုနီးရှားက မြန်မာတော်လှန်ရေးအင်အားစုများနှင့် အာဏာသိမ်းစစ်အုပ်စုအား သီးခြားစီဖိတ်၍ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

By MPM 3 ဒီဇင်ဘာ, 2025 👁

အာဏာသိမ်းစစ်အုပ်စုနှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားနိုင်ငံ အစိုးရက သီးခြားစီဖိတ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ တည်ဆောက်ရေးခေါင်းစဉ်နှင့် အလွတ်သဘောဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။

ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၅ ရက်မှ ၃၀ ရက်နေ့အထိ ဂျာကာတာမြို့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော်တည်ဆောက်ရေး အတွေ့အကြုံမျှဝေရေး အလုပ်ရုံဆွေးနွေးပွဲခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြ ခြင်းဖြစ်သည်ဟု မဇ္ဈိမ၏သတင်းရင်းမြစ်က ပြောသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၊ ကရင်အမျိုးသားအစည်းရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ Arakan Heritage Foundation၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့ တက်ရောက်ခဲ့ကြောင်း ဆိုသည်။

ထိုကိစ္စများနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမအနေဖြင့် NUG နှင့် CRPH တို့အား မေးမြန်းထားသော်လည်း ယခု သတင်းဖော်ပြချိန်အထိ အကြောင်းမပြန်သေးပေ။

“နိုဝင်ဘာ ၂၅ – ၃၀ ပါ။ NUCC က ကိုယ်စားလှယ်နှစ်ဦး တက်ခဲ့ပါတယ်။ တကယ်က သပ်သပ်စီပါ၊ စစ်တပ်ကလူတွေနဲ့တွေ့တာမျိုး လုံးဝ မရှိပါဘူး။ သူတို့ရောက်နေတယ်ဆိုတာလဲ မသိရပါဘူး” ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောသည်။

အာဏာသိမ်းစစ်အုပ်စုဘက်ကလာသည့် သတင်းများအရ ဒီဇင်ဘာ ၁ ရက်မှစတင်ကာ အင်ဒိုနီးရှား၏ နိုင်ငံတော်တည်ဆောက်ရေး အတွေ့အကြုံမျှဝေရေးအလုပ်ရုံဆွေးနွေးပွဲကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPC) မှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဟု သိရသည်။

ထိုဆွေးနွေးပွဲသည် အာဆီယံနှင့်မသက်ဆိုင်ဘဲ အင်ဒိုနီးရှားအစိုးရ၏ သီးခြားစီစဉ်မှုဟု သိရသည်။

လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌမှာ မလေးနိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်း အက္ခရာစဥ်အရ နှစ်စဉ် အလှည့်ကျတာဝန်ထမ်းရသည့် အာဆီယံဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံတာဝန်ယူရမည့် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံကို အစားထိုးပေးရန် ဆုံးဖြတ်ထားသည်။

မဇ္ဈိမ