ပုလော ဆင်ထိုးကြီးရွာမှာ တက္ကသိုလ်ကျောင်းသူတစ်ဦး မြေမြှုပ်မိုင်းကြောင့် ပြင်းထန် ဒဏ်ရာရ

By MPM 30 နိုဝင်ဘာ, 2025 👁

တနင်္သာရီတိုင်း ပုလောမြို့နယ် ဆင်ထိုးကြီးရွာမှာ တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်မနက်ပိုင်းမှာ မြေမြှုပ်မိုင်းနင်းမိလို့ ညာဘက်ခြေထောက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အဲဒီမြေမြှုပ်မိုင်း နင်းမိတဲ့ အသက် ၂၀ အရွယ် မြိတ်တက္ကသိုလ် ကျောင်းသူဟာ ကျောင်းပိတ်ချိန် ရွာကို ပြန်လာချိန်အတွင်း ဖခင်နဲ့အတူ ဘုန်းကြီးကျောင်းဝင်းတစ်ခုထဲ သံပုရာသီး ဝင်ကောက်ရာကနေ မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ညာဘက်ခြေကျင်းဝတ် ပြတ်လုနီးပါးဖြစ်သွားကာ ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

မိုင်းဒဏ်ရာရရှိခဲ့တဲ့ အဲဒီကျောင်းသူကို ပလောက်ဆေးရုံကနေတဆင့် ထားဝယ်ဆေးရုံကြီးဆီ ဆက်လက်ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အဲဒီကျောင်းသူနဲ့အတူ သွားခဲ့တဲ့ ဖခင်ဖြစ်သူမှာတော့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဆင်ထိုးကြီးရွာ ဒေသတဝိုက်နဲ့ မြိတ်-ထားဝယ်ကားလမ်းဘေးမှာ အခုလို မြေမြှုပ်မိုင်းနင်းမိသူ ၁၀ ဦးအထိရှိလာပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။

မိုင်းနင်းမိသူများထဲတွင် ခြေလက်ဆုံးရှုံးခဲ့ရသူ၊ ပြင်းထန်ဒဏ်ရာ ရရှိသူတွေ ရှိသလို ဒဏ်ရာအနည်းငယ် ရရှိသူတွေလည်း ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကနေ နိုဝင်ဘာလအထိ ဆင်ထိုးကြီးဒေသတဝိုက်ကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့သေးတာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးရုံး UNOCHA ကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာတဲ့အတွက် အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ အရေးတကြီး လိုအပ်နေပြီလို့ သတိပေးထားပါတယ်။

သံလွင်တိုင်းမ်