စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို ထိုင်း အသိအမှတ်မပြု၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး တောင်းဆို

By MPM 27 နိုဝင်ဘာ, 2025 👁

အာဏာသိမ်းစစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်းနဲ့ လူသားချင်းစာနာမှုကို အခြေခံပြီး အသက် ၈၀ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ပြောပါတယ်။

ပြင်သစ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းဖြစ်သူ ၎င်းက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အချိန်ကျပြီဖြစ်ပြီး တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ မှန်ကန်တဲ့အရာကို ပြောရပါမယ်လို့ သူက ဆိုပါတယ်။

သူကဒေါ်အောင်ဆန်းစုကြည်ဟာ ချုပ်နှောင်ခံထားရတာ အရမ်းကြာနေပြီဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က အသက်လည်း ရနေပြီဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း တိတိကျကျ ဘာမှမသိရတာကြောင့် ပြန်လွှတ်ပေးဖို့ ဆိုတာက အရင်ဆုံးနဲ့ ချက်ချင်းလုပ်သင့်တဲ့ ကိစ္စဖြစ်ကြောင်း ဆီဟာဆတ်က ပြောကြားသွားပါတယ်။

ဝန်ကြီး ဆီဟာဆက်က ရွေးကောက်ပွဲအလွန် အာဆီယံ-မြန်မာဆက်ဆံရေးနဲ့ပတ်သက်လို့ သူ့အမြင်ကို နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းတုန်းက ထုတ်ပြောခဲ့တာဖြစ်ပြီး ဖမ်းဆီးအကျဉ်းချခံထားရသူ မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက်လည်း တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်က ဦးဆောင်ပြီး ပြုလုပ်မယ့် ရွေးကောက်ပွဲ ပြီးဆုံးသွားရင်တောင်မှ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အနေနဲ့ မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှုတွေ စတင်ဖို့ ခက်ခဲလိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

လက်ရှိ အခြေအနေကို ကြည့်မယ်ဆိုရင် မြန်မာဟာ တကယ်တမ်းလိုအပ်နေတဲ့အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုတွေကိုလုပ်ဆောင်မယ့်အစား ရွေးကောက်ပွဲကိုပဲ စီစဉ်ခဲ့ကြောင်း၊ ဒီအခြေအနေမျိုးမှာ အာဆီယံဟာ မြန်မာနဲ့ ပြန်လည် ထိတွေ့ ဆက်ဆံမှုတွေ စတင်ဖို့ ခက်ခဲမှာ သေချာကြောင်း ဆီဟာဆက်ခ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး ယုံကြည်ရတဲ့အခြေအနေ ဖြစ်စေချင်ကြောင်း၊ ဒါပေမဲ့ လက်ရှိမှာတော့ ဒါမျိုးမဟုတ်မှန်း သိထားပြီးသားဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

လက်ရှိ အခြေအနေတွေအရ ထိုင်းရဲ့ ရပ်တည်မှုဟာ ရွေးကောက်ပွဲကို အသိအမှတ်ပြုမယ့်သဘောထားမျိုး မဖြစ်နိုင်လောက်ဘူးလို့လည်း ဆီဟာဆက်ခ်က ပြောကြားသွားပါတယ်။

မဇ္စျိမ