ဦးကျော်မိုးထွန်း ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိမည်

By MPM 27 နိုဝင်ဘာ, 2025 👁

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်း ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်စိစစ်ရေးကော်မတီက ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင်ပြုလုပ်သော အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရလက်ထက်ကတည်းက တာဝန်ထမ်းဆောင်သူ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းယူသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူလူထုဘက်မှ ရပ်တည်ခဲ့သူဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဦးကျော်မိုးထွန်းက လက်သုံးချောင်းထောင်က စစ်ကောင်စီ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး တော်လှန်ရေးအင်အားစုများဘက်မှ ကိုယ်စားပြု ရပ်တည်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီကမူ ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဦးကျော်မိုးထွန်းအား သံအမတ်ကြီးအဖြစ်မှ ထုတ်ပယ်ကြောင်း ကျေညာခဲ့သည်။

သို့သော်လည်း ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်ကောင်စီကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အသိအမှတ်ပြုခြင်းမပြုခဲ့သည့်အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းအနေအထားကို နှစ်စဉ် သက်တမ်းတိုးလာခဲ့ရာမှ ယခုနှစ်တွင်လည်း မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်လက် တည်ရှိခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

သတင်းနှင့် မီဒီယာကွန်ရက်