အာဏာသိမ်းစစ်အုပ်စု ထိန်းချုပ်ထားသည့် သျှမ်းပြည်အလယ်ပိုင်းဒေသတွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ယခုနှစ် ၂၀၂၅ ဧပြီလမှ စတင်၍ သျှမ်းပြည်တောင်ပိုင်းရှိ မိုင်းရှူး၊ မိုင်းနောင်၊ လဲချား၊ ခိုလမ်နှင့် ကွန်ဟိန်း မြို့နယ်များ အကြားရှိ တောအတွင်း၌ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများက အာဏာသိမ်းစစ်တပ်နှင့် ၄င်းလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့၏ အကာအကွယ်ဖြင့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်း ဆက်လက်ကြီးထွားလာပြီး နေ့စဉ်လုပ်ကိုင် လည်ပတ်နေကြောင်း ဒေသခံများက ပြောသည်။
“မိုင်းလင်း ‘မိူင်းလိုမ်း’ ကျေးရွာနဲ့ နောင်တောင်းရွာနားမှာ ရှိတာ။ မိုင်းနောင်၊ ကွန်ဟိန်း၊ ခိုလမ်မြို့တို့အကြား ဒေသမှာ ရှိတာ။ လူဦးရေကတော့ သေချာမသိရဘူး။ သူတို့ရှိတဲ့ဘက်ကို ဘယ်သူမှ သွားလို့မရဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာသည် စစ်ကော်မရှင်တပ် ထိန်းချုပ်နယ်မြေဖြစ်ကြောင်း၊ စားနပ်ရိက္ခာ ဝယ်ယူပို့ဆောင်သူများနှင့် မြို့ထဲ ဝင်/ထွက်သူများရှိကြောင်းကိုလည်း စစ်ကော်မရှင်ဘက်က သိရှိကြောင်း၊ ထို့အပြင် ၎င်းနေရာသည် အာဏာသိမ်းစစ်တပ်၏ စကခ (၂) မိုင်းနောင်နှင့် ၁၀ မိုင်ခန့်သာကွာဝေးကြောင်း အမည်မဖော်လိုသည့် နိုင်ငံရေးပါတီဝင်တစ်ဦးက ပြောကြားသည်။
အာဏာသိမ်းစစ်တပ်၏ စကခ (၂) မိုင်းနောင်နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည့် ကျားဖြန့်နေရာ

(ပုံညွှန်း – စစ်ကော်မရှင်တပ်၏ စကခ (၂) မိုင်းနောင်နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည့် ကျားဖြန့်နေရာ)
“မိုင်းလင်းရွာသွားလမ်းက သူတို့ကားတွေ သွားသွားလာလာရှိတယ်။ သူတို့ကားတွေက အကောင်းစားတွေ မို့ သတိထားမိကြတာ။ သူတို့လိုတဲ့ စားသောက်ကုန်တွေကိုလည်း ဆက်တိုက် ပို့ဆောင်ပေးနေတာမျိုး ရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောကြားသည်။
သျှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ တောတောင်အတွင်းတွင် လက်ရှိအချိန်ထိ အွန်လိုင်းကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများသည် လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့စစ်လက်နက်ကိုင်များ၏ လုံခြုံရေးဖြင့် လုပ်ငန်းဆက်လက်လည်ပတ်နေမှုများလည်းရှိကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိအချိန်တွင် ကျားဖြန့် ငွေလိမ်လုပ်ငန်းများသည် နိုင်ငံတကာ၏ နှိမ်နင်းမှုများရှိနေသော်လည်း မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျားသော နယ်မြေများ အထူးသဖြင့် သျှမ်းပြည်ရှိ တောတွင်းဒေသများနှင့် နယ်စပ်ဒေသအချို့တွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့စစ်များ၏ အကာအကွယ်ဖြင့် ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။
သျှမ်းသံတော်ဆင့်