အာဏာသိမ်းစစ်အုပ်စုလက်အောက်တွင် ဖွင့်လှစ်ထားသည့် တက္ကသိုလ်တက်ရောက်သည့်သူများ ကြိုတင်မဲပေး လက်မှတ်မရှိလျှင် တက်ခွင့်မရကြောင်း သတင်းရရှိသည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည့် အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲ ပထမသုတ်၌ သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နှင့် ကရင်နီပြည်မှ လွိုင်ကော်မြို့တို့ ပါဝင်သည်။
ပြီးခဲ့သည့် နိုင်ဝင်ဘာလ ပထမပတ်တွင် စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးမှူးမှ နမ့်စန်မြို့မှ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို ကြိုတင်မဲထည့်ကြရန် ရပ်ကွက်အတင်း လိုက်လံဆော်ဩပြီး မဲထည့်ခိုင်းရာ နိုင်ဝင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်အတွင်း ကြိုတင်မဲထည့်သူ ၁၀၀ နီးပါးရှိခဲ့ကြောင်း သိရသည်။
ထိုကျောင်းသား၊ ကျောင်းသူများ မဲမထည့်လျှင် တက္ကသိုလ်တက်ခွင့်မရှိကြောင်းနှင့် မဲလက်မှတ်ရှိမှ ကျောင်းအပ်ရမည်ဆိုသောကြောင့် ကျောင်းသား၊ ကျောင်းသူများ မဲပေးနေရသည်ဟု ဒေသခံများထံမှ သိရသည်။
“သွားမထည့်လို့ မရဘူး တကယ်လို့ မဲမထည့်ဘူးဆိုရင် ကျောင်းတက်လို့မရဘူး။ မဲထည့်ရင် သူတို့က ထောက်ခံစာပေးလာတယ်။ အဲထောက်ခံစာက ကျောင်းတက်ဖို့ အရေးပါတယ်။ မထည့်ချင်လည်း ထည့်ရတယ်။ ဘယ်ပါတီထည့်လို့ ထည့်ရမှန်းမသိဘူး တွေ့တဲ့ပါတီ ကောက်ထည့်ခဲ့တာ” ဟု ကိုယ်တိုင်ကြုံတွေ့ရသူ တက္ကသိုလ်ကျောင်းသူတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ထို့အပြင် နမ့်စန်မြို့တွင် အာဏာသိမ်းစစ်တပ်၊ SSS တပ်၊ နားရိုင်း ပြည်သူ့စစ်၊ မတ်ကျန်း ပြည်သူ့စစ် စသည့် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တပ်များရှိပြီး ဒေသခံ အများစုသည် စစ်တပ်ထောက်ခံကြသည့် မြို့ဖြစ်သည်။
အလားတူ ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်မှ စပြီး လွိုင်ကော် ပညာရေးဒီဂရီ ကောလိပ်ကို စတင်ဖွင့်လှစ်သင်ကြားနေပြီး အဆိုပါ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည် မဲမထည့်လျှင် ကျောင်းတက်ခွင့် မရကြောင်း ကျောင်းသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တက္ကသိုလ်ပြန်ဖွင့်တာ မကြာသေးဘူး။ ကျောင်းတက်နေတဲ့သူတွေကို မဲထည့်ရမယ်တဲ့ မထည့်ရင် ကျောင်းဆက်တက်ဖို့ အဆင်မပြေဘူးတဲ့၊ တက်ခွင့်မရမှာစိုးလို့ မဲထည့်လိုက်တယ်။ ဘာထည့်ထည့် သူတို့နိုင်မှာပဲကို” ဟု အဆိုပါ ကျောင်းသားက ပြောသည်။
လွိုင်ကော်မြို့တွင် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်တွင် အာဏာသိမ်းစစ်တပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များ သည် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လွိုင်ကော်တက္ကသိုလ်ကို ပိတ်ထားခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် သျှမ်းတောင် မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ လက်လွှတ်ခဲ့ရပြီးနောက် လွိုင်ကော်မြို့အပါဝင် မိုးဗြဲမြို့ကို အာဏာသိမ်းစစ်တပ် ပြန်လည်ထိန်းချုပ်ပြီး ၂ နှစ်ဆက်တိုက် ပိတ်ထားခဲ့ရသည့် လွိုင်ကော်တက္ကသိုလ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ပထပတ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ကျောင်းသား ၂၈၀၀၀ ကျော် ကြိုတင်မဲပေးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
သျှမ်းသံတော်ဆင့်