ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နှင့် မန္တလေးတိုင်း မိုးကုတ်မြို့အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အားအလုံးအရင်းနှင့် ဝင်ရောက်ရန် စောင့်ဆိုင်းနေကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးတိုင်း သပိတ်ကျင်းမြို့အနီး ဖော့တောလမ်းဆုံနှင့် မိုးကုတ် – မိုင်းလုံ လမ်းဘက်တို့မှ စစ်ကောင်စီ၏ စကခ ၁၈ ဗျူဟာတစ်ခုမှာ အင်အား ၅၀၀ ခန့်ဖြင့် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း မိုးကုတ်အခြေအနေကို သိရှိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ စစ်တပ်ကတော့ ဖော့တောလမ်းဆုံဘက်နဲ့ မိုးကုတ်-မိုင်းလုံဘက်တွေက အသင့်စောင့်နေကြတယ်။ အင်အားက တော့ ၅၀၀ လောက်ရှိတယ်လို့ ကြားတယ်။ ဒီရက်ပိုင်းတော့ ဝင်တော့မယ်လို့ သိထားရတယ်” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
TNLA သည် စစ်ကောင်စီနှင့် အပစ်ရပ်ပြီးနောက် ၎င်းတို့ သိမ်းပိုက်ထားသည့် မိုးကုတ်နှင့် မိုးမိတ်ကို စစ်ကောင်စီထံ ပြန်ပေးရန် သဘောတူခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါ မြို့သိမ်းတိုက်ပွဲများတွင် TNLA နှင့်အတူ နယ်မြေခံ PDF တပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့သဖြင့် စစ်ကောင်စီထံ ပေးရာတွင် အချိန်ကြံ့ကြာနေခြင်းဖြစ်ကြောင်း TNLA နှင့် နီးစပ်သူများက ဆိုကြသည်။
မိုးကုတ်နှင့် မိုးမိတ်မြို့တို့မှ TNLA တပ်ဆုတ်ရေးနှင့် စစ်ကောင်စီပြန်ဝင်ရေး အစီစဉ်အတွက် နိုဝင်ဘာ ၁၂ ရက်က လားရှိုးမြို့တွင် နှစ်ဖက်ကိုယ်စားလှယ်များတွေ့ဆုံခဲ့ကြောင်း သိရသည်။
စစ်ကောင်စီနှင့် ဆွေးနွေးပွဲတွင် မိုးကုတ်နှင့် မိုးမိတ်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် PDF များ မပါဝင်ခဲ့ပေ။ ထို့ကြောင့် TNLA အနေဖြင့် PDF များကို နည်းမျိုးစုံဖြင့် ရှင်းပြပြီးနောက် လက်ရှိ PDF များလည်း ဆုတ်ခွာနေကြောင်း သိရသည်။
ယင်းနောက် နိုဝင်ဘာ ၂၈ ရက်နေ့မှ စ၍ စစ်ကောင်စီက ပြန်ဝင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း နီးစပ်သူများက ဆိုကြသည်။
“ သိရသလောက်တော့ နောက်နှစ်ရက်လောက်ဆို စစ်တပ် စဝင်မယ်လို့ သိရတယ်။ သေချာတာကတော့ စစ်တပ်က မိုင်းလုံနားကို ကပ်သွားပြီ။ မိုးကုတ်ဘက်ကတော့ စကခ ၁၈ ရဲ့ ဗျူဟာတစ်ခုမှာ ဗျူဟာမှူးပါတယ်။ ဒုတပ်မမှူး ပါမပါတော့ မပြောတတ်ဘူး။ ဒီအဖွဲ့ကတော့ အင်အား ၄၀၀ နဲ့ ၅၀၀ ကြားမှာ ထမင်းချက် ဟင်းချက်ပြီး စောင့်နေတယ်လို့ ကြားတယ်။ TNLA ဘက်က ဝင်လာလို့ရပြီလို့ ပြောရင် ဝင်သွားမယ့် အနေအထား။ အစောဆုံးကတော့ ၂၈ ရက်လို့ ထင်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
စစ်ကောင်စီတပ်များ ကောင်းမွန်စွာ ဝင်ရောက်နိုင်ရန်အတွက်လည်း TNLA တပ်များက မိုင်းလုံနှင့် မိုးမိတ်မြို့အနီးတွင် အင်အားဖြည့်တင်းထားပြီး မိုးမိတ်နှင့် မိုးကုတ်မြို့တို့မှ TNLA ခန့်ထားသည့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရဲတပ်သားများ ဆုတ်ခွာသွားပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
မိုးကုတ်မြို့ကို စစ်ကောင်စီလက်ထဲ ပြန်အပ်မည့် အစီစဉ်ကြောင့် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်က မိုးကုတ်မြိုခံများသည် စစ်ကောင်စီ လက်မခံရေး သံပုံးတီး ဆန္ဒပြခဲ့ကြသည်။
ထို့အတူ အချို့ဒေသခံများကလည်း စစ်ကောင်စီလက်ထဲ ဖမ်းဆီနှိပ်စက်ခံရမည်ကို စိုးရိမ်နေကြောင်း ပြောကြသည်။
တရုတ်ဖိအားကြောင့် TNLA သည် စစ်ကောင်စီထံ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့ကို လက်လွှတ်ခဲ့ရပြီး မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကိုလည်း စစ်ကောင်စီထံ ပေးအပ်မည်ဟု သဘောတူခဲ့ရခြင်းကြောင့် မြန်မာနိုင်ငံရေးအပေါ် တရုတ်၏ ကြားဝင်မှုကို တော်လှန်ရေးအင်အားစုများက ဝေဖန်ရှုတ်ချနေကြသည်။
DMG