စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွေးရဲ့နေရာမှာ နောက်ထပ် တိုင်းမှူးအသစ်အဖြစ် ဗိုလ်မှူးချုပ်ကျော်သူရကို အာဏာသိမ်းစစ်အုပ်စုက ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မင်းထွေးဟာ အဂတိလိုက်စားမှုနဲ့ နမခ နယ်မြေတွေထဲက စစ်ဆင်ရေးတွေ မအောင်မြင်တာကြောင့် စစ်ဆေးခံနေရပြီးနောက် ပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့တာပါ။
သူ့လက်ထက်မှာ စစ်ကိုင်းတိုင်းအတွင်းက ဗန်းမောက်မြို့နဲ့ အင်းတော်မြို့တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက ကျေးလက်ဒေသ နယ်မြေအများစုကို PDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်ပြီး မြို့ (၅) မြို့ကိုလည်း သိမ်းပိုက်ထားဆဲဖြစ်ပါတယ်။
ဗိုလ်ချုပ်မင်းထွေးဟာ စစ်ကိုင်းတိုင်းအတွင်းက ရွှေမျှောတူးဖော်မှု၊ သစ်ထုတ်လုပ်မှုတွေနဲ့ စက်သုံးဆီသယ်ရေးပို့ဆောင်ရေးကိစ္စရပ်တွေမှာလည်း အဂတိလိုက်စားမှုတွေရှိခဲ့တာကြောင့် ရာထူးကနေ ဖြုတ်ချခံခဲ့ရတာလို့ ဆိုပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်မင်းထွေးဟာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ ၁၁၊ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ကျောက်မဲ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်တွေမှာ တပ်မမှူးအဖြစ် တာဝန်ယူခဲ့ပြီး မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်စဉ်က လက်နက်ချအညံ့ခံခဲ့သူ ဖြစ်ပါတယ်။
အသစ်ခန့်အပ်လိုက်တဲ့ ဗိုလ်ချုပ်ကျော်သူရက စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၃၉ ကဖြစ်ပြီး စစ်ဦးစီးတက္ကသိုလ် (ကလော) က ကျောင်းအုပ်ကြီးတာဝန်ခဲ့သူဖြစ်ပါတယ်။
ရှမ်းနီအသံ