ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်က ဒေသခံများမှာ လေကြောင်းအန္တရာယ်ကို ရှောင်တိမ်းရန် ယခုရက်ပိုင်း ယာယီနေရာ ပြောင်းရွှေ့နေထိုင်သူများလည်း ရှိလာနေကြောင်း သိရသည်။
နိုဝင်ဘာ ၁၅ ရက်က ရသေ့တောင်မြို့နယ်၊ ဘာထလေကျေးရွာနှင့် နွားတင်းကုတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ထုတ်ပြန်သည်။
“ လက်ရှိရသေ့တောင်မြို့ အခြေအနေကတော့ လေကြောင်းအန္တရာယ်ကို အထူး စိုးရိမ်နေကြတယ်ဗျာ။ အဓိကတော့ ဘာထလေတို့ နွားတင်းကုတ်တို့ကို တိုက်ခိုက်ခဲ့တဲ့နောက်မှာ ပိုပြီး စိုးရိမ်နေတာပါ။ ဒါ့ကြောင့် အနီးအနား ကျေးရွာသားတွေဟာ ဆွေမျိုးရှိရာ၊ တခြားရွာတွေကို ယာယီ ရှောင်တိမ်းနေကြသလို၊ တချို့ကလည်း လယ်ကွင်းပြင်တွေ၊ ဉယျာဉ်ခြုံတွေနဲ့ တောတောင်တွေအနားမှာ ယာယီသွားပြီး နေကြတာပါ။ ရွာထဲမှာ မနေရဲလို့ပေါ့လေ” ဟု ရသေ့တောင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် အနီးအနားရှိကျေးရွာများဖြစ်သော ထွန်းရဝေ(ရွာဟောင်း)၊ ဘာထလေ၊ စံကား၊ ညောင်ပင်လှ၊ အလယ်ရွာ၊ စပါးထား၊ နွားတင်းကုတ်၊ ကြိမ်သာ စသည့်ကျေးရွာက စိုးရိမ်ထိတ်လန့်မှုများကြောင့် တိမ်းရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်ကလည်း ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာနှင့် ရွာနီးစပ်ဖြစ်သော ပုဏ္ဏားကျွန်းမြို့ နယ်၊ကျောက်သံခြေကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ၍ ဒေသခံ ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့သည်။
“ လက်ရှိ ထွက်ပြေးတိမ်းရှောင်နေသူတွေကိုတော့ စာရင်းဇယားအတိကျ ပြောရခက်တယ်။ ဒါပေမဲ့ ရွာတိုင်းနီးပါးက အိမ်ထောင်စုအလိုက်တော့ တိမ်းရှောင်ကြတာပါ။ စစ်ဘေးရှောင် သဘောမဟုတ်ပေမဲ့ လေကြောင်းအန္တရာယ်ကို ရှောင်တိမ်းတဲ့ သဘောလို့ ပြောရမှာ။ ရာနဲ့ချီပြီတော့ ရှိနိုင်တယ်” ဟု ရသေ့တောင်မြို့နယ်က လူမှုကူညီရေးလုပ်နေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် အာရက္ခတပ်တော် ထိန်းချုပ်ရာ မြို့နယ်များအား လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသဖြင့် ကလေးငယ် အပါအဝင် အရပ်သားထိခိုက်သေဆုံးသူအရေအတွက်မှာ မြင့်တက်လာနေပြီး ဒေသခံများမှာ စိုးရိမ်ကြောက်လန့်မှုများဖြင့် နေထိုင်နေကြရသည်။
ပြီးခဲ့သည့် မေလ ၁၃ ရက်က ရသေ့တောင်မြို့နယ် ထွန်းရဝေ (ရွာဟောင်း) ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရွာသား ၁၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၃ ဦးထက်မနည်း ဒဏ်ရာရကာ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့သည်။
ယင်းနောက်ပိုင်း စပြီး ထွန်းရဝေ (ရွာဟောင်း) ကျေးရွာသားများမှာ ရွာအတွင်း မနေထိုင်ရဲတော့ဘဲ နီးစပ်ရာ အခြားကျေးရွာများက ဆွေမျိုးနေအိမ်၊ ကားလမ်းမနံဘေး၊ ဉယျာဉ်ခြံမြေ၊ စိုက်ခင်းတို့တွင် ယာယီနေထိုင်ကြပြီး ယနေ့အထိ ရွာမပြန်ကြသေးကြောင်း သိရသည်။
“ လေယာဉ်အန္တရာယ်ကို တော်တော်ကြောက်သွားကြတယ်။ ဘာအပြစ်မှ မရှိဘဲ ရွာသားတွေကို စစ်ကောင်စီက ပစ်ခတ်လိုက်တာဖြစ်တယ်။ ကျနော်တို့ ထွက်ပြေးတိမ်းရှောင်နေတာ ၆ လလောက်ရှိပြီ။ ရွာကို မပြန်သေးဘူး။ တခြားလူတွေလည်း မပြန်ရဲသေးဘူး။ စားဝတ်နေရေးကိုတော့ ကိုယ်ဘာသာကိုယ် ဖြေရှင်းကြတာပေါ့ ” ဟု ထွန်းရဝေ (ရွာဟောင်း) ကျေးရွာသား လူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပြီး အရပ်သားထိခိုက်သေဆုံးသူဦးရေမှာလည်း နေ့စဉ်ဆိုသလို တိုးလာနေသည်။
DMG ကောက်ယူထားသည့် စာရင်းအရ နိုဝင်ဘာ ၁ ရက်ကနေ ၁၇ ရက်အထိ ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှုတို့ကြောင့် ကလေးငယ်အပါအဝင် သေဆုံးသူ ၂၅ ဦးထက်မနည်းရှိနေပြီး ဒဏ်ရာရရှိသူ ၃၉ ဦးထက်မနည်းရှိကြောင်း သိရသည်။
DMG